ဘီးလင်း၊ ဒီဇင်ဘာ ၂၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း လူငယ် ၂၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရပြီး အများစုဟာ စစ်မှုထမ်းတပ်သား စုဆောင်းခံလိုက်ရတယ်လို့ ဒေသခံတွေအပါအဝင် စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ ဒီဇင်ဘာ ၂၀ ရက်နေ့ကစလို့ ဘီးလင်းမြို့နယ် အောက်ပိုင်းကျေးရွာဖြစ်တဲ့ တောင်စွန်း၊ ဇွဲကလာ၊ သာယာကုန်း၊ မုသင်ကွက်သစ်၊ဇုတ်သုတ်နဲကော့ကဒွတ်ကျေးရွာမှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ အသက် ၂၀ ကနေ ၃၀ ဝန်းကျင်အရွယ်ရှိတဲ့ လူငယ်တွေ ဖြစ်ပြီး အဲဒီထဲက လူငယ်တချို့ကို နေအိမ်ပေါ်တက်ပြီး ဖမ်းဆီးတာတွေအထိ ရှိခဲ့တာဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်က ဖမ်းဆီးထားတဲ့ လူငယ်တွေကိုတော့ ဘီးလင်းမြို့မရဲစခန်းနဲ့ အမှတ် ၈ ခြေလျင်တပ်ရင်းထံ ပို့ဆောင်ထားတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် ဘီးလင်းမြို့နယ်မှာ ည ၇ နာရီနောက်ပိုင်း အပြင်ထွက်သွားလာသူ မရှိသလောက် နည်းပါးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ သထုံနဲ့ကျိုက်ထိုမြို့နယ်တို့မှာလည်း လူငယ်တွေကို နေ့စဉ်ရက်ဆက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.