ဘားအံ၊ ဒီဇင်ဘာ ၂၅
ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းမျှသာလိုတော့တဲ့အချိန်မှာ ကရင်ပြည်နယ် ဘားအံမြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်က ကားတန်းတွေနဲ့ လှည့်လည်ပြီး အင်အားပြသမှုတွေ လုပ် ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကားကြီးတစ်စီးအပါအဝင် စစ်ကား ၃ စီးဟာ ဘားအံမြို့ပေါ်မှာ မနက်တစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် လှည့်ပတ်သွားလာတာတွေ လုပ်ဆောင်နေပြီး ဒီလိုလှည့်ပတ်သွားလာတာဟာ လာမယ့်ရွေး ကောက်ပွဲအတွက် ကြိုတင်ပြီး လုံခြုံရေးယူထားတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း ၁ ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း ၁ မှာ ကရင်ပြည်နယ်ထဲက ဘားအံ၊ မြဝတီနဲ့ သံတောင်ကြီးမြို့နယ်တွေ ပါဝင်တာဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့အတွက် ကော့ကရိတ်၊ ဖာပွန်နဲ့ မြဝတီမြို့နယ်က ဒေသတွေတချို့မှာ တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲတွေဆက်ဖြစ်နေခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေခဲ့ပါတယ်။
မြဝတီမြို့နယ်တောင်ဘက် ထိုင်းနယ်စပ်နားက မင်းလက်ပံ၊ ဖလူးကျေးရွာတွေကို ပြီးခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့ ဒီဇင်ဘာ ၁၉ ရက်က စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်က ဒရုန်အသုံးပြုကာ တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က ဖာပွန်ခရိုင် မာမူးကျေးရွာထဲကို လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာ ကလေးတစ်ဦး သေဆုံးသွားခဲ့ပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်းနဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကရင်အရပ်ဖက်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

