မော်လမြိုင် ၊ ဒီဇင်ဘာ ၂၅

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ မဲရုံတွေမှာ လုံခြုံရေးအင်အား အများအပြား တိုးမြှင့်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း (၁)ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး မွန်ပြည်နယ်အနေနဲ့ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ရွေး ကောက်ပွဲ ကျင်းပသွားဖို့ ရှိနေတာပါ။

ရွေးကောက်ပွဲ ပြုလုပ်မယ့် မြို့နယ် ၅ မြို့နယ်အတွင်းက မဲရုံတွေမှာတော့ စစ်ကော်မရှင်တပ်၊ ရဲ တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တွေ အပြင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်တွေနဲ့ လုံခြုံရေး တိုးမြှင့်ထားတာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးကတော့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လုံခြုံရေး အင်အား အများအပြား ချထားသလို မဲရုံအနီးအနားမှာလည်း စစ်ဆေးမှု တင်းကျပ်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မြို့ထဲမှာတော့ သူတို့မဲရုံ လုပ်မယ့် အုပ်ချုပ်ရေးမှူးရုံးတို့ ကျောင်းတို့ ဘာတို့မှာတော့ စစ်သားတို့ ရဲတို့ ပြည်သူစစ်တို့ စောင့်နေတာတော့ တွေ့တယ်။နေ့ရော ညရော အင်းအား များတယ်။တစ်ခါ တစ်ခါ မဲရုံနားက ဖြတ်တဲ့သူတွေဆိုရင် သူတို့ မသင်္ကာသလိုကြည့်တာ ဘာညာ ရှိတယ်။ ညဘက်တွေဆို မဲရုံနားမှာ ပိတ်ဆို့ စစ်ဆေးတာတွေလည်း ရှိတယ်။အခုရက်ပိုင်း ပိုဆိုးလာတယ်။တော်ယုံ မဲရုံအနားက ဘယ်သူမှ မဖြတ်ရဲတော့ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင် လက်အောက်ခံတွေဟာ လုံခြုံရေး တိုးမြှင့်ပြီး မဲရုံအနီးအနား ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးတာ၊ မသင်္ကာတဲ့သူတွေကို ဖမ်းဆီး စစ်ဆေး မေးမြန်းတာအပြင် မဲရုံအနီးအနား စစ်ဆေးမှုတွေ တင်းကျပ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ကျိုက်ထို ဒေသခံ တစ်ဦးကလည်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနေ့ မတိုင်ခင် အခုကတည်းက အင်အား အများအပြားနဲ့ ကင်းပုန်းတွေ ကြိုချထားတာ ရှိသလို ရွေးကောက်ပွဲနေ့မှာလည်း အင်အား အများအပြား အသုံးပြုပြီး တင်းတင်းကျပ်ကျပ် လုပ်ဖို့ စီစဉ်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မဲရုံမှာ ကြိုတင်ကင်းပုန်းဝပ် တာတွေတော့ ရှိတယ်။အဲဒီမှာ သူတို့ ကင်းပုန်း ၁၅ ယောက် ချတာ ရှိတယ်။ ၁၀ ယောက် ချတာ ရှိတယ်။ နောက်တစ်ခုက အဲဒီ နေ့ကျရင် သူတို့ အင်အား လှည့်ကင်း အင်အားနဲ့ ဒီအထိုင် အင်အားနဲ့ သူတို့ တင်းတင်းကျပ်ကျပ် လုပ်ဖို့ကို ကြိုတင် ပြီးတော့လည်း အစည်းအဝေးခေါ်ပြီး ကြိုတင်ပြီးတော့လည်း ကင်းကြိုချထားတာတွေ ဘာတွေ လုပ်နေတာ ရှိတာပေါ့နော်”လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ မတိုင်မီကတည်းက ဒေသတွင်းက မြို့ဝင်၊ မြို့ထွက် နေရာတွေ၊ လူစည်ကားရာ နေရာတွေ၊ လမ်းဆုံလမ်းခွတွေ၊ မထင်မှတ်တဲ့ နေရာတွေအပြင် မြို့ပတ်ပြီး နေရာအစုံမှာ စစ်ဆေးမှုတွေ တင်းကျပ်နေတာပါ။

ဒါ့အပြင် လှည့်ကင်း လှည့်လည်ရာမှာလည်း အင်အား အများအပြား အသုံးပြုပြီး လှည့်လည်တာ၊ မသင်္ကာတဲ့ လူငယ်တွေကို ဖမ်းဆီးတာအပြင် တချို့ တွေကိုတော့ မသင်္ကာလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုက်နှက်စစ်ဆေးတာတွေကအစ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို မဲရုံအနီးအနားအပြင် မြို့တွင်းမှာကအစ လုံခြုံရေး တင်းကျပ်ထားတဲ့အတွက် ဒေသခံတွေအနေနဲ့ အလုပ်သွား အလုပ်ပြန်ကအစ အခက်တွေ့ စေသလို အချိန်မရွေး ဖမ်းဆီး ခံရနိုင်တဲ့ အခြေ အနေတွေနဲ့ ကြုံတွေ့ နေရတာပါ။

မွန်ပြည်နယ်မှာတော့ ရွေးကောက်ပွဲ အပိုင်း၁ မှာ ပါဝင်တဲ့ မြို့နယ် ၅ မြို့နယ်အတွက် မဲရုံပေါင်း ၃၃၅ ရုံ ရှိပြီး မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် ၆ သိန်းဝန်းကျင် ရှိတယ်လို့ စစ်ကော်မရှင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.