မော်လမြိုင် ၊ ဒီဇင်ဘာ ၂၅

အာဏာသိမ်း စစ်တပ်က ထိပ်ပိုင်းဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၃၃ ဦးကို အမျိုးသားညီညွတ် ရေးအစိုးရ NUG က အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားပြီး အဲဒီထဲမှာ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးလည်း ပါဝင်ပါတယ်။

NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း အကြမ်းဖက်အုပ်စုဖြစ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ဝင် ၃၃ ဦးကို အကြမ်းဖက်သမားတွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့တာပါ။

အဲဒီထဲမှာ စစ်ဗိုလ်ချုပ် ၁၂ ဦးနဲ့ လူပုဂ္ဂိုလ် ၂၁ ဦးရဲ့ အမည်စာရင်းတွေကို ဖော်ပြထားပြီး မွန်ညီညွတ် ရေးပါတီကနေ အမျိုးသားလွှတ်တော် PR စနစ်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ဒေါက်တာ ဗညားအောင်မိုးလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီအပေါ် မွန်ညီညွတ်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကိစ္စနဲ့ အလုပ်ရှုပ်နေတဲ့အတွက် အင်တာဗျူးလက်ခံဖြေကြားပေးဖို့ အဆင်မပြေဘူးလို့ အကြောင်းပြန်ပါတယ်။

ဒေါက်တာ ဗညားအောင်မိုးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းပြီး နောက်နေ့ ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီလို့ ခေါ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ”မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သလို နောက်ပိုင်းမှာတော့ ဗဟိုအကြံပေးအဖြစ် အခုနှစ် ဇူလိုင်လကုန်အထိ ပါဝင်ခဲ့သူပါ။

တစ်ဘက်မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို ပြဌာန်းထားတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ဥပဒေနဲ့ စတင်အရေးယူနိုင်ပြီလို့ ထုတ်ပြောခဲ့ပါတယ်။

အရေးယူနိုင်ဖို့ကိုလည်း MSFC ရဲ့ ဌာနတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတာ အပါအဝင် ကောင်စီခွင့်ပြုချက်နဲ့ တခြားတော်လှန်ရေးအင်အားစုတွေက ဖွဲ့စည်းတဲ့ အစုအဖွဲ့တွေနဲ့ ပေါင်းစပ်ဆောင်ရွက်မယ်လို့ ဥပဒေအရ ဖွဲ့စည်းတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီကို လုပ်ပိုင်ခွင့်တွေ ပေးထားတာပါ။

NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း သတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက် သမားတွေကို ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ပူးပေါင်းကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ဒေါက်တာ ဗညားအောင်မိုးပါဝင်နေမှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ရွေး ကောက်ပွဲ ဆန့်ကျင်ရေးဥပဒေနဲ့ ဆက်နွယ်ကာ MSFC ရဲ့ ပြောရေးဆိုခွင့်ရှိသူကို သံလွင်တိုင်းမ်က မေးမြန်းခဲ့ပေမယ့် မဖြေချင်သေးဘူးလို့ အကြောင်းပြန်ပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ အကြမ်းဖက်သမားတွေအဖြစ် ကြေညာခံထားရသူတွေကို NUG နဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ဖမ်းဆီးဖို့ မဖြစ်နိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဖမ်းဆီးဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။အမှန်အတိုင်းပြောရတာ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အခု စစ်တပ်ထိန်းချုပ်နေတဲ့ နေရာတွေမှာ ရဲဘော်တွေ လိုက်စုရင်တောင်မှပဲ ထွက်ပြေးနေရတဲ့ အ နေအထားတွေ ရှိတယ်။ ပြီးရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မေးတာ မြန်းတာ ရှိရင်တောင်မှပဲ စစ်တပ်က နိုင်ထက်စီးနင်း လုပ်နေတဲ့ အနေအထားရှိတယ်။ အဲဒါဟာ စစ်တပ်ရဲ့ ဟိုးအောက်ပိတ်ဆုံး စာမတတ် ပေမတတ် အတန်းစားတွေကတောင်မှပဲ ပြည်သူကို နိုင်ထက်ကလူ လုပ်နေနိုင်တဲ့ အခြေ အနေဆိုတော့ ဒီ ၃၃ ယောက်ကို ဖမ်းဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ စစ်ကော်မရှင်လို့ ခေါ်တဲ့ “နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်” အဖွဲ့ဝင် ၁၀ ဦးကိုလည်း အကြမ်းဖက်သမားတွေအဖြစ် NUG ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က သတ်မှတ်ကြေညာထားတာပါ။

အဲဒီထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ် ၉ ဦးထဲက နှစ်ဦးဟာ စစ်ဘက်ကနေ အရပ်ဘက်ကို ပြောင်းရွှေ့တာဝန်ယူထားတဲ့သူတွေဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေလည်း ပါဝင်ပါတယ်။

အဲဒီလူတွေကိုလည်း စစ်ကောင်စီမှာ ပါဝင်နေကြသူတွေနဲ့ အလားတူ ဖမ်းဆီးရမိနိုင်ရေး NUG ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြိုးပမ်းသွားမှာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားတာပါ။

ဒါကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ဘယ်လိုတွေ ညွန်ကြားထားလဲဆိုတာ သိရှိနိုင်ဖို့ တောင်ပိုင်းက အဖွဲ့တချို့ကို သံလွင်တိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါဘူး။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်ကတော့ စစ်ဗိုလ်ချုပ်တွေကို ဖမ်းဆီးချင်ရင် စစ်အနိုင်တိုက်ဖို့ လိုတယ်လို့ မှတ်ချက်ပြုပါတယ်။

“ဒီတပ်ကြီးတစ်ခုလုံးကိုတောင် အသုံးချပြီး အာဏာရူးသေးတာပဲ။ ဒီတပ်ထဲမှာရှိနေတဲ့ တပ်သားတွေကို အသုံးချပြီး သူတို့ရဲ့ လုံခြုံရေး သူတို့မိသားစုရဲ့ လုံခြုံရေးကို အများကြီး ပြင်ဆင်ထားမှာ။ အဲဒီတော့ ကျွန်တော့်အနေနဲ့က တကယ်တမ်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ တကယ်ဖြစ်မယ် တကယ်လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ စစ်အနိုင်တိုက်ဖို့ လိုတယ်”လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲသမာမှုအကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းယူပြီး စစ်ကောင်စီကို ဖွဲ့စည်းကာ အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်ကြေညာခဲ့ပါတယ်။

အဲဒီကနေ တစ်ကြိမ်မှာ ၆ လအထိ တိုးခွင့်ရှိတဲ့ အရေးပေါ်အခြေအနေကို ဖွဲ့စည်းထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ အကြိမ်ကြိမ် တိုးယူခဲ့ပြီးနောက်မှာတော့ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကော်မရှင်ကို ဖွဲ့စည်းခဲ့တာပါ။

ဒါကြောင့် မကြာခင် ရက်ပိုင်းအတွင်း အာဏာသိမ်း စစ်တပ်ကနေ အသွင်ပြောင်းထားတဲ့ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအမည်ခံ ရွေး ကောက်ပွဲတစ်ရပ်ကို အပိုင်းသုံးပိုင်းနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ အာဏာသိမ်းမှု ၅ နှစ်တာအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ် မဆင်နွှဲနိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.