ဘီးလင်း၊ ဒီဇင်ဘာ ၁၉
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်းနဲ့ ပြည်သူတွေ မဲမပေးဖို့ လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့တယ်လို့ အဲဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့ မနက်အစောပိုင်းက ဘီးလင်းကနေ တောင်စွန်းအထိ လမ်းဆုံလမ်းဂွရှိ ကျေးရွာ၊ ရပ်ကွက်ဆိုင်းဘုတ်တွေနဲ့ ဓာတ်မီးတိုင်တွေမှာ စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်ကပ် ကမ်ပိန်းပြုလုပ်ခဲ့တာပါ။

အဲဒီလှုပ်ရှားမှုမှာ စစ်တပ် ရွေးကောက်ပွဲ သပိတ်မှောက်၊ သင့်မဲနဲ့ တရားဝင်လူသတ်ခွင့်မပေးနဲ့ စတဲ့စာသားတွေ ရေးသားဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်သူတစ်ဦးက စစ်တပ် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဆိုတာ ပြည်သူတွေသိဖို့နဲ့ မဲမပေးကြဖို့ လှုံဆော်တာလို့ ပြောပါတယ်။

စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုံ့ဆော်မှု စာရွက်တွေကို စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့က လာရောက်ဖြုတ်သိမ်းသွားပြီး လမ်းသွားလမ်းလာ ပြည်သူတချို့ကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်မှာ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေတာနဲ့ လမ်းတွေပေါ်မှာ ကြဲချပြီး ဆန္ဒထုတ်ဖော်မှု ပြုလုပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

