စစ်ကော်မရှင်ရဲ့ လုပ်ရပ်တွေဟာ ကျရှုံးနိုင်ငံအဖြစ် တွန်းပို့ရာ ရောက်နေပြီလား

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၀

စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းမှုအတွင်း လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ ကဏ္ဍပေါင်းစုံ ပျက်စီးယိုယွင်းနေတဲ့ မြန်မာနိုင်ငံမှာ တစ်ဆထက်တစ်ဆ တောက်လောင်လာနေတဲ့ ပြည်တွင်းစစ်မီးကလည်း မငြှိမ်းသတ်နိုင်သေးပါဘူး။

နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကော်မရှင်က မကြာခင်မှာ အပိုင်းလိုက်ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ခံအစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နေပါပြီ။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ဖြစ်လာနိုင်မယ့် နိုင်ငံရေးစစ်ရေးအခြေအနေပေါ် မဟာမိတ်တပ်ပေါင်းစုအသွင် ခုခံတွန်းလှန်နိုင်ဖို့ နွေဦးတော်လှန် ရေးမဟာမိတ်တပ်ပေါင်းစု SRA ကို ဖွဲ့စည်းထားတာပါ။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တော် လှန်ရေး EAOs တွေကလည်း နိုင်ငံရေးဩဇာအာဏာတွေ သက်ရောက်ဖို့ တတ်နိုင်သမျှ အရှိန်မြှင့် ကြိုးစားလုပ်ဆောင်လာနေပါတယ်။

စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲပြီးရင် လွှတ်တော်ခေါ်ယူပြီး အသစ်ဖွဲ့စည်းမယ့် အစိုးရကို အာဏာလွှဲပြောင်းပေးမှာဖြစ်လို့ ၂၀၂၆ ခုနှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာမယ်လို့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြောထားတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ရွေးကောက်ပွဲအလွန်မှာ တက်လာမယ့် ဗဟိုအစိုးရနဲ့ တော်လှန်ရေးအဖွဲ့တွေကြား ပဋိပက္ခတွေ ပိုဖြစ်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဖွဲ့တွေကြားထဲမှာ ပဋိပက္ခတွေ ပိုများလာမယ်။ အထူးသဖြင့် ဗဟိုအစိုးရပေါ့။ရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရနဲ့ နယ်စွန်နယ်ဖျားတွေမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ကြားမှာ ချိတ်ဆက်မှု ပူးပေါင်းမှုဆိုတဲ့ဟာက မရှိသလောက် ဖြစ်နေမယ့် အနေအထားမျိုးလို့ မှန်းလို့ရတယ်။အဲဒီအနေအထားမျိုးမှာ နယ်စွန်နယ်ဖျားမှာရှိတဲ့ တော်လှန်ရေးအစုအဖွဲ့ တွေရဲ့ စုစည်းအား ပူးပေါင်းအားအပေါ်မှာ မူတည်ပြီးတော့ အသစ်ပေါ်လာမယ့် အစိုးရကို တုံ့ပြန်နိုင်တဲ့ အနေအထားရှိမယ်။ မရှိဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်တယ်”လို့ ဆိုပါတယ်။

စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ အပိုင်း ၁ အဖြစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ၁၀ ၂မြို့ နယ်၊ အပိုင်း ၂ အဖြစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ် ၁၀၀ နဲ့ အပိုင်း ၃ ကိုတော့ နောက်နှစ်ပတ်အကြာ ၇၂ မြို့နယ်မှာ ပြုလုပ်သွားမှာပါ။

ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ကြေညာထားတဲ့ စစ်ရှုံးနယ်မြေတွေ အများအပြားပါဝင်တဲ့ ၅၆ မြို့နယ်ကိုတော့ အတတ်နိုင်ဆုံး ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်ထားတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒုစစ်ခေါင်းဆောင်က ထုတ်ပြောခဲ့ပါတယ်။

တစ်ဘက်မှာ အရပ်သားတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက် တာအပါအဝင် ရွေးကောက်ပွဲနှောင့်ယှက်တဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်အရေးယူခံရသူ ၂၃၀ နီးပါး ရှိနေပြီး စစ်မှုထမ်းစုဆောင်းမှုကလည်း ရပ်တန့်မသွားခဲ့ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေ ၃ ဒသမ ၆ သန်းအထိ ရှိနေပြီး လက်ရှိ ဖြစ်ပွားနေဆဲ ပဋိပက္ခတွေအပါအဝင် ရေးကြီးခြင်းနဲ့ ငလျင်ဒဏ်ကြောင့် အခက်အခဲတွေရဲ့ အကျိုးဆက်တွေကို ဆင့်ကဲရင်ဆိုင်နေရဆဲလို့ ဆိုပါတယ်။

ဒီအခြေအနေမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက မြန်မာနိုင်ငံဟာ အဆိုးရွားဆုံး နိုင်ငံပျက်ကြီးဆီ ဦးတည်နေပြီး စစ်ကော်မရှင် အတင်းအကြပ်လုပ်မယ့် ရွေးကောက်ပွဲကနေ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းလာနိုင်တယ်လို့ သုံးသပ်တာလည်း ရှိနေတာပါ။

အစိုးရသစ်ကနေ အာဏာသိမ်းကာလလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်လာနိုင်သလို နိုင်ငံကို အမှောင်ထုထဲ ဆွဲသွင်းအုပ်ချုပ်မယ့် ကာလဆိုးကြီးကို ရောက်သွားမယ့် အနေအထားမျိုးလို့ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒ့ါအပြင် နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုကို ရရှိနိုင်ဖို့ ကျွမ်းကျင်ပညာရှင်တွေကို ဌားရမ်းပြီး ကြိုးပမ်းမှာဖြစ်သလို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နေရာပြန်ရဖို့ အစွမ်းကုန်ကြိုးပမ်းလိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။

“အစိုးရသစ်တစ်ရပ်က သူတို့ တရားဝင်မှုတွေကို ဆက်တိုက် လုပ်လာလိမ့်မယ်။ ဘာလို့ဆို တရားဝင်လမ်းကြောင်းထဲကို ရောက်သွားတဲ့ သဘောတော့ ရှိသွားတယ်၊ အစိုးရသစ်တစ်ရပ်ဖြစ်သွားတဲ့ Mandate အရပေါ့။ နိုင်ငံတကာ PR ကုမ္ပဏီတွေ PR ကျွမ်းကျင်ပညာရှင်တွေကို သူတို့တွေ ဌားရမ်းလိမ့်မယ်။ ပြီးလို့ရှိရင် တရားဝင်လမ်းကြောင်းထဲကို ထိုးသွင်းပြီးတော့ ကြိုးစားလိမ့်မယ်။ UN မှာ ပြန်ပြီး ခုံနေရာ ရရှိရေးပေါ့။ နောက်တစ်ခုက နိုင်ငံခေါင်းဆောင်တွေ တရားဝင် Role အနေနဲ့ ပြန်ပြီးရရေးအတွက် သူတို့ အစွမ်းကုန်ကြိုးစားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်”လို့ ဆိုပါတယ်။

အပိုင်း ၁ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ ဒီဇင်ဘာလအတွင်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြတာလည်း ရှိနေပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်ရှိ ပြည်သူ့ဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၃၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၇၈ ဦး ရှိခဲ့တာပါ။

ဒါ့အပြင် ဒီဇင်ဘာ ၁၁ ရက်နေ့မှာလည်း ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်တွေ နေထိုင်ရာ ငလုံးစုအထက်ရွာနဲ့ အောက်ရွာရွာကို ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်တွေအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အခုလို ပြည်သူတွေကို အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးစေတဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကော်မရှင်ရဲ့ လုပ်ရပ်တွေဟာ မြန်မာပြည်ကို ကျရှုံးနိုင်ငံအဖြစ်သို့ အဆုံးစွန်ထိ တွန်းပို့နေခြင်းဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၂ ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ရှုမြင်ထားတာပါ။

မြန်မာ့အရေးမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထားနဲ့ ဖိအားအပြင် ဆက်ဆံရေးချိတ်ဆက်မှုအပေါ် မူတည်ပြီး အစုအဖွဲ့တွေရဲ့ ရှင်သန်ရပ်တည်မှုနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု ဆက်ရဖို့ နိုင်ငံအလုံးစုံ ပျက်သုန်းသွားမယ့် Fail State အဖြစ် ရောက်နိုင်စရာမရှိဘူးလို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

အကြောင်းကတော့ မြန်မာနိုင်ငံကို အလုံးစုံပျက်စီးသွားမယ့် အနေအထားမျိုး မလိုလားကြတဲ့အတွက် အုပ်ချုပ်မှုစနစ် လုံးဝ မပြတ်သွားအောင် ထိန်းထားနိုင်ဖို့ တည်ငြိမ်မှုရှိနေစေမယ့် လိုလားချက်တွေကို အိမ်းနီးချင်းနိုင်ငံအများစုက တူညီတဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ပံ့ပိုးဖို့ ဆိုတဲ့ ရပ်တည်ချက်မျိုး ဆုံးဖြတ်ထားတဲ့ နိုင်ငံတွေ ရှိနေတဲ့အတွက် ပဋိပက္ခတွေ မကြီးထွားအောင် ထိန်းထားနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေက ပိုကြိုးစားလိမ့်မယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“အဲဒီကြိုးစားမှုက မြန်မာနိုင်ငံ Fail State ဖြစ်သွားဖို့ ထက်စာရင် ဒီလိုမျိုး ရှိနေတဲ့ အစုအဖွဲ့တွေက ဗဟိုအစိုးရ နောက်တက်လာမယ့် စစ်တပ်အစိုးရနဲ့ ဘယ်လိုပူးပေါင်းပြီးတော့ အကျိုးစီးပွားတွေ ဖော်ဆောင်ကြမလဲ။ မိတ်ဘက်နိုင်ငံ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လိုအကျိုးစီးပွားတွေ ဖော်ဆောင်ကြမလဲ။ အဲဒီအပေါ် မူတည်ပြီးတော့ ခရိုနီဆန်တဲ့ အုပ်ချုပ်မှုစနစ်တွေ ခရိုနီဆန်တဲ့ အစုအဖွဲ့တွေ ပေါ်လာနိုင်စရာ အခြေအနေမျိုး ဖြစ်သွားနိုင်စရာ ပိုပြီးတော့ ရှိတယ်လို့ ပြောလို့ရမယ် ခင်ဗျ”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကြောင့် နိုင်ငံတဝန်းမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၅၀၀ ကျော်အထိ ပေါ်ပေါက်လာခဲ့သလို စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ပါဝင်လာခဲ့တာပါ။

မြန်မာ့သမိုင်းမှာ စစ်တပ်ရဲ့ အရှိုက်ကို ထိုးနှက်နိုင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလတွေအတွင်း စစ်တပ်ဟာ တိုင်းစစ်ဌာနချုပ်တချို့ အပါဝင် တပ်စခန်းတွေနဲ့ နယ်မြေများစွာ ဆုံးရှုံးထားရပါတယ်။

တရုတ်အစိုးရရဲ့ ဖိအားပေးကြားဝင်ညှိနှိုင်းမှုကြောင့်သာ စစ်တပ်က ကိုးကန့်သတ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး တော်လှန်ရေးမှာ အဲဒီနှစ်ဖွဲ့ရဲ့ ပါဝင်မှုကို ရပ်တန့်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.