မုဒုံ၊ ဒီဇင်ဘာ ၉
မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လုံကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးတို့ဟာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုင်လုံကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် ဦးဇင်မျိုးဦး (ခေါ်)နိုင်ထွဋ်နဲ့ အသက် ၃၀ ကျော်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် မင်းဗညားမွန်တို့ဟာ ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ပစ်သတ်ခံလိုက်ရတာပါ။
သူတို့နှစ်ဦးဟာ အုပ်ချုပ်ရေးမှူးပိုင်တဲ့ ရော်ဘာခြံအနီးမှာ ဆိုင်ကယ်သူခိုးတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် သွားဖမ်းစဉ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားပါတယ်။
အဲဒီဖြစ်စဉ်အတွင်း ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် မင်းဗညားမွန်ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးဖြစ်သူ နိုင်ထွဋ်က မုဒုံဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုပြီးနောက် စစ်ကော်မရှင်တပ်က လာရောက်စစ်ဆေးတာတွေ လုပ်ဆောင်သွားသလို အနီးပတ်ဝန်းကျင် နေထိုင်သူတချို့ကိုလည်း စစ်ဆေးမေးမြန်းတာတွေ ရှိတယ်လို့ ဆိုပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး နိုင်ထွဋ်ဟာ အရင်အုပ်ချုပ်ရေးမှူးဟောင်း မင်းစောနွယ်က စစ်ကော်မရှင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရာထူးကနေ အနားယူလိုက်တာကြောင့် အုပ်ချုပ်ရေးမှူးဖြစ်လာတာ တစ်လဝန်းကျင်သာ ရှိနေသေးတယ်လို့ ဆိုပါတယ်။
နိုင်လုံဒေသဟာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP AD လှုပ်ရှားတဲ့ နယ်မြေဖြစ်သလို အခြားလက်နက်ကိုင်တချို့လည်း ရှိနေသေးတာကြောင့် ဘယ်အဖွဲ့က ပစ်သတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး NMSP AD ပြောခွင့်ရထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မုဒုံမြို့ပေါ်မှာ စစ်ကော်မရှင်ထံ သတင်းပေး လုပ်ဆောင်နေတဲ့ ကိုမျိုးဆိုသူကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့တွင်းမှာပဲ ဝင်ရောက်ရှင်းလင်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

