သထုံ၊ ဒီဇင်ဘာ ၇
မွန်ပြည်နယ် သထုံမြို့နယ်မှာ တစ်လအတွင်း လူငယ် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်းတပ်သား စုဆောင်းခံလိုက်ရတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယအပတ်ကနေ ဒီဇင်ဘာ ပထမအပတ်ထိ သထုံမြို့နယ်မှာ စစ်ကော်မရှင်တပ်က စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ် ၃၀ ကျော်ကို ဖမ်းဆီးပြီးနောက် စစ်သားစုဆောင်းလိုက်တာလို့ ဆိုပါတယ်။
သထုံမြို့ခံတွေကတော့ အခုနောက်ပိုင်း စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို စစ်ကော်မရှင်ဘက်က အမဲလိုက်သလို လိုက်လံဖမ်းဆီးနေတာလို့ ပြောကြပါတယ်။
ဖမ်းဆီးခံရသူတွေထဲက စစ်ကော်မရှင်ရဲ့ ဌာနဆိုင်ရာဝန်ထမ်း မိသားစုဝင်တွေ၊ စစ်ကော်မရှင်နဲ့နီးစပ်သူတွေ ဖြစ်ပါက ပြန်လွှတ်ပေးတာတွေ ရှိပေမယ့် ငွေကြေးမပေးနိုင်တဲ့သူတွေကို မော်လမြိုင် စစ်သားစုဆောင်းရေးတပ်ထံ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ စစ်မှုထမ်း ဖမ်းဆီးမှုကို သထုံမြို့မရဲစခန်းက ရဲအုပ်စန်းဝင်း၊ ပြည်သူ့စစ် ခေါင်းဆောင် ဖိုးထူးဆိုသူတွေက ဦးဆောင်တာ ဖြစ်ပြီး ညပိုင်းတွေမှာ ဖမ်းဆီးမှုကို ပိုလုပ်လာတာလို့ ဆိုပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်ခန့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း အပတ်စဉ် တစ်ခုလျှင် စစ်မှုထမ်းတပ်သား တစ်ဦး ပေးရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်အိမ်လျှင် ငွေကျပ် တစ်သောင်းကနေ ကျပ် နှစ်သောင်းအထိ တောင်းယူတာတွေ ရှိနေပါတယ်။
သထုံမြို့နယ်မှာ ပြည်သူ့စစ်နဲ့ရဲတပ်ဖွဲ့တွေရဲ့ စစ်မှုထမ်း ဖမ်းဆီးမှုတွေကြောင့် ည ၇ နာရီနောက်ပိုင်း အပြင်ထွက် သွားလာသူ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၉ အထိ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၃၅၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

