မြဝတီ၊ ဒီဇင်ဘာ ၇
မြန်မာနဲ့ ထိုင်းနိုင်ငံ နှစ်ဖက်စလုံးက အရပ်သားပြည်သူတွေအပါအဝင် မင်းလက်ပံဒေသ Shunda Park ခြံဝင်းအတွင်းရှိနေသူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို ဆက်လက်လုပ်ဆောင်ဖို့ အာဏာအပ်နှင်းလိုက်တယ်လို့ KNU ဗဟိုက အသိပေးထုတ်ပြန်ပါတယ်။
မင်းလက်ပံဒေသရှိ Shunda Park အွန်လိုင်းငွေလိမ်ခြံဝင်းထဲကို စစ်ကော်မရှင်တပ်က လက်နက် ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့ပြီး Shunda Park နဲ့ မင်းလက်ပံပတ်ဝန်းကျင်ရှိ လုံခြုံရေးအခြေအနေတွေဟာ မြန်မာနဲ့ ထိုင်းနိုင်ငံ နှစ်ဖက်စလုံးက ပြည်သူတွေအားလုံးအတွက် အတိုင်းထက် အလွန်စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိလာပြီဖြစ်တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်က စစ်ကော်မရှင်တပ် တပ်မ ၂၂ လက်အောက်ခံတပ်က ပစ်လိုက်တဲ့ ၆၀ မမ လက်နက်ကြီး ၂ လုံးဟာ Shunda Park ငွေလိမ်ခြံဝင်းမှာ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ခြံဝင်းထဲက KNU ရဲ့ မြေပြင်အရပ်သားအကဲဖြတ်အဖွဲ့ဝင်တွေ အပါအဝင် ထိခိုက်ဒဏ်ရာရမှုအချို့ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့ကစပြီး Shunda Park ငွေလိမ်ခြံဝင်းကို KNU က စတင်ထိန်းသိမ်းပြီးကတည်းက စစ်ကော်မရှင်တပ်က အဲဒီငွေလိမ်ခြံဝင်းအနီးမှာ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၃ ကြိမ်နဲ့ လက်နက်ကြီးတွေကို ရမ်းသမ်းပစ်ခတ်ခဲ့သလို နိုဝင်ဘာ ၃၀ ရက်နေ့က စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ၃ လုံးဟာလည်း Shunda Park ငွေလိမ်ခြံဝင်းက နေရပ်ပြန်ဖို့ထွက်ခွာလာသူတွေ များစွာ ယာယီခိုလှုံရာနေရာအနီး သောင်းရင်းမြစ်ကမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း ထုတ်ပြန်ထားပါတယ်။
Shunda Park ငွေလိမ်ခြံဝင်းအတွင်းမှာ ကျန်ရှိနေသူတွေဟာ တစ်နေ့လုံးလိုလို မီးရှို့တာနဲ့ မငြိမ်မသက်မှုတွေဖြစ်အောင် ဆက်တိုက်လှုံ့ဆော်နေပြီး အဲဒီကျန်ရှိနေသူတွေဟာ အစပိုင်းက သက်ဆိုင်ရာထိုင်းအာဏာပိုင်ကတစ်ဆင့် နေရပ်နိုင်ငံသို့ ပြန်ပို့ဖို့ KNU က စီစဉ်ပေးတာကို ငြင်းဆန်ခဲ့ကြသလို ခြံဝင်းထဲက ထွက်ခွာဖို့လည်း ငြင်းဆန်ခဲ့ကြတယ်လို့ KNU က ဆိုပါတယ်။
အခုအခါမှာတော့ အဲဒီငွေလိမ်ခြံဝင်းကသူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားခွင့်ပေးဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးတောင်းဆိုမှုတွေ ပြုလုပ်လာကြပြီး ဒီလိုတောင်းဆိုလာကြတာဟာ Shunda Park နဲ့ အနီးတဝိုက်ရှိ လုံခြုံရေးအခြေအနေတွေ ပိုမိုဆိုးရွားလာမှုနဲ့ တရားဥဒေနဲ့ ရင်ဆိုင်ရမှာကို ကြောက် ရွံ့ခြင်းတို့ကြောင်းလည်း ဖြစ်နိုင်တယ်လို့ KNU က ဆိုထားပါတယ်။
ဒီလို ပိုမိုဆိုးရွားလာတဲ့ လုံခြုံရေးအခြေအနေမှာ သက်ဆိုင်ရာနိုင်ငံတကာအာဏာပိုင်တွေရဲ့ အချိန်မီပူးပေါင်းဆောင်ရွက်မှု မရှိပါက ရာဇဝတ်သားလို့ သံသယရှိသူတွေကို တရားခွင်ကို ခေါ်ဆောင်လာနိုင်မယ့် အခွင့်အရေးဟာဆုံးရှုံးပြီး ပြန်လည်ရရှိဖို့ မလွယ်တော့တဲ့အကြောင်းကို သက်ဆိုင်ရာ နိုင်ငံတကာအာဏာပိုင်တွေထံ သီးသန့်အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့က Shunda Park အတွင်းက ထွက်ခွာလိုသူ နောက်ထပ် ၂၅ ဦးကို သောင်ရင်းမြစ်ကမ်းကို ဘေးကင်းစွာခေါ်ထုတ်နိုင်ခဲ့တဲ့အတွက် Shunda Park မှာ စာရင်းကောက်နိုင်ခဲ့သူအားလုံး ၃၅၈၂ ဦးအနက် ၂၆၆၅ ဦး နီးပါးကို Shunda Park အတွင်းက ဘေးကင်းစွာရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ၂၄၆၀ ဦးကို ထိုင်းနိုင်ငံဆီ ပို့ဆောင်နိုင်ခဲ့သလို ကျန်နိုင်ငံခြားသား ၂၀၂ ဦးမှာ သောင်းရင်းမြစ်ကမ်းမှာ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် သောင်ရင်းမြစ်ကမ်းမှာ ကျန်ရှိနေတဲ့ နိုင်ငံခြားသားတွေအတွက် အစားအသောက်တွေ စီစဉ်ပေးလျက်ရှိသလို Shunda Park ထဲမှာ ကျန်ရှိနေတဲ့ လူ ၈၀၀ စာအတွက် အစားအသောက်တွေ စီစဉ်ပေးခဲ့တယ်လို့ KNU က ထုတ်ပြန်ပြောဆိုထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU မြေပြင်အဖွဲ့ကလည်း အိုင်တီပစ္စည်းကိရိယာ ရှာဖွေတွေ့ရှိသမျှကို ဖြုတ်သိမ်းနိုင်ပြီဖြစ်တဲ့အတွက် Shunda Park အတွင်းမှာ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေအားလုံးဟာ လုံးဝရပ်တန့်သွားပြီလို့ ပြောနိုင်ပြီး သိမ်းယူထားတဲ့ သက်သေခံပစ္စည်းတွေကိုလည်း နောက်ပိုင်းမှာ စနစ်တကျ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်ရေးအတွက် Shunda Park ပြင်ပကို ရွှေ့ပြောင်းပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

