ပုလော၊ ဒီဇင်ဘာ ၆
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာကျေးရွာမှာ ရွေးကောက်ပွဲအတွက် မဲစာရင်းလုပ်နေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌကို ဝင်ရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက် နေ့လည် ၁၂ နာရီအချိန်လောက်က ပုလောမြို့နယ် ကျောက္ကာကျေးရွာမှာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုလုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တစညပါတီ ဥက္ကဠတို့ကို မြိတ်ခရိုင်တပ်ရင်း(၁)က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
အဲဒီလို ဝင်ရောက်ဖမ်းဆီးချိန် ကျောက္ကားရွာအုပ်ချုပ်ရေးမှူး မရှိနေဘဲ မဲစာရင်းပြုလုပ်နေတဲ့ ကျေးရွာစာရေး ဒေါ်ချိုနဲ့ အသက် ၆၄ အရွယ် တစညပါတီ ဥက္ကဠ ဦးကြည်သိန်းတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဦးကြည်သိန်းကို ဖမ်းဆီးဖို့ လက်ထိပ်ခတ်ချိန် အတင်းရုန်းကန်ကာ ထွက်ပြေးသွားခဲ့ပြီး တော်လှန်ရေးရဲဘော်တွေက လိုက်လံဖမ်းဆီးခဲ့ပေမယ့် ရဲဝန်ထမ်း ဟောင်းဖြစ်တာကြောင့် ရဲဘော်တစ်ဦးကို အတင်းဝင်လုံးပြီး သေနတ်လုဖို့ ကြိုးစားခဲ့တာ ကြောင့် ပစ်ခတ်ခဲ့ရတာလို့ ဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဦးကြည်သိန်းကို သွားရောက်ဖမ်းဆီးမှုဟာ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မပါဝင်ဖို့ သတိပေး ဖမ်းဆီးထိန်းသိမ်းထားဖို့သာ ဖြစ်ပေမယ့် ပြန်လည်ခုခံဖို့ ကြိုးပမ်းတာလို့ ပစ်ခတ်ခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်အတွင်း ကျေးရွာစာရေး ဒေါ်ချိုကိုတော့ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားချိန် တော်လှန်ရေးရဲဘော်တွေရဲ့ ပစ်ခတ်မှုကြောင့် ရွာခံ ဦးဝင်းကြိုင်ဟာ လက်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အတွက် အနူးညွှတ်တောင်းပန်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)က ပြောပါတယ်။
ပုလောမြို့နယ်ဟာ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ မှာ မပါဝင်သေးပေမယ့် ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကိုတော့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

