စတော့ဟုမ်း၊ ဒီဇင်ဘာ ၄

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ဒီဇင်ဘာ ၂ ရက်က ကျင်းပခဲ့တဲ့ Right Livelihood ဆုပေးပွဲ အခမ်းအနားမှာ သတင်းဖွင့်ချရေးအဖွဲ့ Justice for Myanmar အတွက် ဆွီဒင်တက်ကြွလှုပ်ရှားသူ၊ ၂၀၁၉ Right Livelihood ဆုရင် ဂရီတာ သွန်ဘာ့ဂ်က ဆုလက်ခံ မိန့်ခွန်း တစ်ရပ် ပြောကြားခဲ့ပါတယ်။

စစ်တပ်ရဲ့ လူမဆန်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း ၅ နှစ်နီးပါးကြားအောင် လျော့မသွားတဲ့ အင်အား၊ ဂုဏ်သိက္ခာရှိရှိ၊ ကြီးမားတဲ့ ပေးဆပ်အနစ်နာခံမှုတွေနဲ့ စစ်တပ် အုပ်ချုပ်သူတွေကို ဆန့်ကျင်ခဲ့ကြတဲ့ မြန်မာနိုင်ငံရဲ့ သတ္တိရှိတဲ့ ပြည်သူတွေကို ဂုဏ်ပြုပြီးတော့ မိမိတို့ ဒီဆုကို လက်ခံရယူတာ ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အဖွဲ့ Justice for Myanmar ကိုယ်စား ဂရီတာ သွန်ဘာ့ဂ်က ပြောဆိုပါတယ်။

မြန်မာစစ်တပ်ကို ထောက်ပံ့ ကူညီပေးနေကြတဲ့ နိုင်ငံတကာဘဏ္ဍာရေးနဲ့ လုပ်ငန်းစု ကွန်ရက်တွေကို လှစ်ဟပြမှုအတွက် Justice for Myanmar ကို Right Livelihood အဖွဲ့အစည်းက အသိအမှတ်ပြု ဆုပေးခဲ့တာ ဖြစ်ပါတယ်။

Right Livelihood ဆုက မြန်မာပြည်သူတွေရဲ့ ရုန်းကန်မှုဟာ တရားမျှတမှုနဲ့ လူသားတို့ရဲ့ ဂုဏ်သိက္ခာအတွက် ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ထပ်ပြီး အတည်ပြုလိုက်တာ ဖြစ်တယ်လို့ သွန်ဘာ့ဂ်က ပြောပါတယ်။

စစ်တပ် ရာဇဝတ်ဂိုဏ်းကို ဖြိုလှဲရေး မိမိတို့အနေနဲ့ တစ်သားတည်း အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူပေါင်း ၉၀၀၀၀ပ ထိ သတ်ဖြတ်ခံခဲ့ရကြောင်း လက်နက်ကိုင် ပဋိပက္ခ တည်နေရာမဲ့ အခင်းအကျင်း အချက်အလက် (ACLED) စီမံကိန်းက မှတ်တမ်းတင်ထားပါတယ်။

လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး အပါအဝင် ပါတီအဖွဲ့ဝင် ၁၀၂ ဦး သတ်ဖြတ်ခံခဲ့ရပြီး အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၁၉၀၅ ဦး ရှီကြောင်း NLD ပါတီက ဖော်ပြထားပါတယ်။

အဲဒီဖမ်းဆီးခံရသူ အရေအတွက်မှာ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော် အဖွဲ့ဝင် ၁၄၄ ဦး ပါဝင်နေပါတယ်။

ဒီလအတွင်း စစ်ခေါင်းဆောင်တွေက အတုအယောင် ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပြီး အစိုးရအဖွဲ့တွေအနေနဲ့ ဒါကို ငြင်းပယ်ကြဖို့နဲ့ ရန်ပုံငွေတွေ၊ လက်နက်တွေ၊ ပစ္စည်း ကိရိယာတွေနဲ့ စစ်ကော်မရှင် ဆက်လက် အကြမ်းဖက် တိုက်ခိုက်လို့ရနေတဲ့ လေယာဉ်ဆီ စီးဆင်းမှုတို့ကို တားဆီးကြဖို့ မိမိတို့အနေနဲ့ တိုက်တွန်းကြောင်း သွန်ဘာ့ဂ်က ပြောပါတယ်။

Justice for Myanmar က နေပြည်တော်ရှိ စစ်ခေါင်းဆောင်တွေ ဆက်လက်ရှင်သန်ခွင့်ရနေတဲ့ ငွေကြေး၊ လက်နက်နဲ့ ပစ္စည်းကိရိယာတွေ စီးဆင်းမှုကို ဖော်ထုတ်ပြီး စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက သိမြင်လာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။

Right Livelihood ဆုကို ၁၉၈၀ ပြည့်နှစ်မှာ ဖန်တီးခဲ့တာ ဖြစ်ပြီး ယူကရိန်း၊ ကွန်ဂို ပြည်ထောင်စုနဲ့ အမေရိကန်ရှိ လူ့အခွင့်အရေး ကာကွယ်သူတွေအပါအဝင် နိုင်ငံပေါင်း ၈၁ နိုင်ငံက လူ ၂၀၃ ဦးကို ဆုချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။

ယခုနှစ် ဆုရရှိသူတွေထဲမှာ ပစိဖိတ်ကျွန်းစု၊ ထိုင်ဝမ်နဲ့ ဆူဒန်တို့က တက်ကြွလှုပ်ရှားသူတွေ ပါဝင်ပါတယ်။

သူတို့အဖွဲ့အစည်းရဲ့ ၄၅ နှစ်ကြာ ရာဇဝင်မှာ မြန်မာနိုင်ငံအတွက် အလုပ်လုပ်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ ဆုရရှိတာ အခု ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
Ref:DVB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.