နယူးယောက်၊ ဒီဇင်ဘာ ၃

ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဆယ်စုနှစ် တစ်စုအတွင်း အမြင့်မားဆုံး အဆင့်သို့ ရောက်ရှိနေပြီး ပြီးခဲ့တဲ့နှစ်အတွင်း ၁၇ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။

တိုက်ပွဲတွေနဲ့ စီးပွားရေး ခက်ခဲမှုကြောင့် တောင်သူတွေကို တရားမဝင် ဘိန်းရောင်းဝယ်မှုတွေဆီ ထပ်ပြီး တွန်းပို့နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဘိန်းစိုက်ပျိုးမှုဟာ ၂၀၂၄ ခုနှစ် ၄၅၂၉၉ ဟက်တာ ရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ်အတွင်း ၅၃၁၀၀ ဟက်တာသို့ တိုးများလာခဲ့ကြောင်း မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ပျိုးမှုကို တာလီဘန်တို့က တားမြစ်ထားချိန်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းအဓိက ထုတ်လုပ်ရာ အရင်းအမြစ် ဖြစ်နေကြောင်း အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ အခိုက်အတန့်မှာ ရပ်တည်နေပါတယ်လို့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဆိုင်ရာ UNODC ကိုယ်စားလှယ် ဒယ်လ်ဖင်း ချန့်ဇ်က ကြေညာချက်မှာ ပြောထား ပါတယ်။

လက်ရှိ ဘိန်းစိုက်ပျိုးမှု ကြီးကြီးမားမား များပြားလာတာက အနာဂတ်မှာ ပိုများလာနိုင်ခြေ ရှိကြောင်း ဖော်ပြနေတယ်လို့ မစ္စစ် ချန့်ဇ်က ဖြည့်စွက် ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက် ကုလသမဂ္ဂ အစီရင်ခံစာနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူဆီ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဘိန်းစိုက်ပျိုးမှု နှစ်များစွာကြာ လျော့ကျနေခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ဘိန်းဈေးနှုန်း နှစ်ဆ မြင့်တက်လာမှုနဲ့အတူ အဲဒီနှစ်နောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု အဆက်မပြတ် မြင့်တက်လာခဲ့ကြောင်း နောက်ဆုံး လေ့လာမှုမှာ တွေ့ရှိထားတယ်လို့ UNODC က ပြောပါတယ်။

ဘိန်းစိုက်ပျိုးမှု အသိသာဆုံး မြင့်တက်လာတာဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဖြစ်ပြီး ၃၂ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ UNODC က ပြောပါတယ်။

ချင်းပြည်နယ်မှာလည်း ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်း ပိုများလာခဲ့ပြီး ရှမ်းတောင်ပိုင်းဟာ အဓိက ဘိန်းစိုက်ပျိုးရာဒေသ အဖြစ် ဆက်ရှိနေဆဲ ဖြစ်တယ်လို့ အဲဒီ အေဂျင်စီက ပြောပါတယ်။

ရှမ်းတောင်ပိုင်းဟာ တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှုရဲ့ ၄၄ ရာခိုင်နှုန်းကို ကိုယ်စားပြုနေတဲ့ ဒေသ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ဒေသ အားလုံးဟာ လက်ရှိ စစ်တပ်နဲ့ လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေ ဖြစ်ပါတယ်။

အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းမြောက်ပိုင်းမှာလည်း ဘိန်းစိုက်ပျိုးမှု ၅၅၂ ဟက်တာ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီဒေသမှာ ဘိန်းစိုက်ပျိုးမှုကို ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိတာဖြစ်တဲ့အတွက် စိုက်ပျိုးတဲ့ နေရာ ပိုမို ကျယ်ပြန့်လာကြောင်း ဖော်ပြနေတာ ဖြစ်တယ်လို့ UNODC က ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.