ဝါရှင်တန်၊ နိုဝင်ဘာ ၂၈
ဝါရှင်တန်ဒီစီမှာ အမျိုးသား အစောင့် တပ်ဖွဲ့ဝင် စစ်သားနှစ်ဦးကို အာဖဂန်နစ္စတန်နိုင်ငံသား တစ်ယောက်က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် တတိယကမ္ဘာ့နိုင်ငံတွေဆီက ရွှေ့ပြောင်းနေထိုင်မှုကို ရပ်ဆိုးဖို့ စီစဉ်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နိုဝင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်ရဲ့ စနစ် အပြည့်အဝ ပြန်လည် ကောင်းမွန်လာစေရေး တတိယကမ္ဘာ့နိုင်ငံအားလုံးက ရွှေ့ပြောင်းနေထိုင်မှုကို အမြဲတမ်းအတွက် ရပ်တန့်သွားမယ်လို့ ထရန့်က လူမှုမီဒီယာမှာ ရေးသား ဖော်ပြထားပါတယ်။

အရင် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်က ခွင့်ပြုထားခဲ့တဲ့ နေထိုင်ခွင့် သန်းပေါင်းများစွာကိုလည်း ရုတ်သိမ်းပစ်မယ်လို့ သူက ခြိမ်းခြောက်ထားပြီး အမေရိကန်က ပိုင်ဆိုင်တာ မဟုတ်သူ မှန်သမျှကိုလည်း ဖယ်ရှားပစ်မယ်လို့ ပြောပါတယ်။
အမေရိကန် နိုင်ငံသား မဟုတ်သူတွေအတွက် ဖယ်ဒရယ်အစိုးရက ထုတ်ပေးနေတဲ့ အကျိုးခံစားခွင့်တွေနဲ့ အမတော်ကြေး အားလုံးကို အဆုံးသတ်ပစ်မှာ ဖြစ်ပြီး လုံခြုံရေး အန္တရာယ်ရှိတဲ့ နိုင်ငံခြားသားတွေနဲ့ အနောက်တိုင်း ယဉ်ကျေးမှုနဲ့ အံဝင်ခွင်ကျ မဖြစ်သူတွေကိုလည်း နှင်ထုတ်သွားမှာ ဖြစ်ကြောင်း ထရန့်က ပြောထားပါတယ်။

ထရန့်ရဲ့ ဒေါသတကြီး ရေးသားဖော်ပြမှုမှာ အမေရိကန်နိုင်ငံသားတွေ ပျော်စရာ ကျေးဇူးတော်နေ့ ဖြစ်ပါစေကြောင်း ဆုတောင်းစကားနဲ့ အဆုံးသတ်ထားပါတယ်။
သူ့ရဲ့ ဒုတိယမြောက် သမ္မတသက်တမ်းအတွင်း ထရန့်က နိုင်ငံခြားသား အများအပြားကို နှင်ထုတ်ထားပြီး ရွှေ့ပြောင်းနေထိုင်မှု တားဆီးရေး တင်းကြပ်တဲ့ မူဝါဒတွေ ချမှတ် လုပ်ဆောင်နေပါတယ်။
တရားမဝင်နေထိုင်သူ အနှောင့်အယှက် ပေးသူတွေကို ကြီးကြီးမားမား အောင်မြင်စွာ လျှော့ချရေး ရည်မှန်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံသားရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား အစောင့်တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးသွားပြီ ဖြစ်ကြောင်း ထရန့်က ဆိုပါတယ်။
သံသယရှိသူ ရာမန်နူလာ လာကန်ဝဲလ်ဟာ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ပြန်ထွက်ခွာချိန် အာဖဂန်နစ္စတန်နိုင်ငံသားတွေအတွက် အထူး ရွှေ့ပြောင်းနေထိုင်မှု အကာအကွယ်ပေးတဲ့ အစီအစဉ်နဲ့ ၂၀၂၁ ခုနှစ်မှာ အမေရိကန်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
Ref:AFP

