လန်ဒန် ဩဂုတ် ၅

ပြင်သစ်ကနေ ဗြိတိန်ကို အင်္ဂလိပ်ရေလက်ကြားကနေဖြတ်ကူးဖို့ ရွှေ့ပြောင်းအခြေချသူတွေ စီးလာတဲ့ လှေတစ်စင်းဟာ အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၇၃ ဦးကို အရေးပေါ် ကယ်ဆယ်ခဲ့ရပါတယ်။

အစပိုင်းမှာ လူ ၁၅၇ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ စာရင်းကို ပြန်လည်စစ်ဆေးပြီး ကယ်ဆယ်နိုင်သူ စုစုပေါင်း ၁၇၃ ဦးရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။

ကယ်ဆယ်ခံရသူအားလုံးကို ပြင်သစ်နိုင်ငံ ဘော်လွန်း ဆူ မာဆိပ်ကမ်းမြို့ကို ခေါ်ဆောင်သွားခဲ့ပြီး ၁၁ ဦးကတော့ အသေးစားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပြီး ဖြစ်စဉ်နဲ့ ဆက်နွယ်တယ်လို့ ယူဆရတဲ့ အီဂျစ်နိုင်ငံသားတစ်ဦးကိုလည်း ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ပြင်သစ်ရေကြောင်းအာဏာပိုင်တွေရဲ့ အဆိုအရ အဲဒီလှေဟာ ဩဂုတ် ၃ ရက်ညက ပြင်သစ်ကမ်းရိုးတန်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

ညပိုင်းမှာ ခရီးသည် ၅ ဦးကို ကယ်ဆယ်ပေးဖို့ ကြိုးစားခဲ့ပေမယ့် ကျန်တဲ့သူတွေက ဗြိတိန်ကို ဆက်သွားချင်တာကြောင့် ကယ်ဆယ်ရေးအကူအညီကို ငြင်းဆန်ခဲ့ကြပါတယ်။ လှေတွေက ဖွဲ့စည်းပုံအားနည်းပြီး အလွန်အန္တရာယ်များတာကြောင့် ပြင်သစ်ကလည်း အဲဒီအချိန်မှာ အတင်းဝင်ရောက် မကယ်ဆယ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဩဂုတ် ၄ ရက် မနက်မှာတော့ လှေရဲ့ အင်ဂျင်က မီးလောင်သွားပြီး လှေဟာ အချိန်တိုအတွင်း ပျက်စီးလာတာကြောင့် ပြင်သစ်နဲ့ ဗြိတိန် နှစ်နိုင်ငံပူးပေါင်းပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရတာပါ။

ဒီဖြစ်စဉ်အပြီးမှာ ဗြိတိန်အစိုးရက “ကယ်ဆယ်ခံရသူအားလုံးကို ပြင်သစ်ကိုပဲ ပြန်ပို့သွားမယ်”လို့ ပြောဆိုထားပါတယ်။

ဗြိတိန် နယ်စပ်လုံခြုံရေးဝန်ကြီး အန်နာတာလေကတော့ ဒီအဖြစ်အပျက်ဟာ တရားမဝင် ရေလမ်းဖြတ်ကူးမှုတွေ ဘယ်လောက်အန္တရာယ်ကြီးသလဲဆိုတာကို ထပ်မံပြသလိုက်တာဖြစ်ပြီး၊ ဒီလိုခရီးစဉ်တွေကို စီစဉ်ပေးနေတဲ့ လူမှောင်ခိုဂိုဏ်းတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမယ်လို့ ပြောပါတယ်။

တစ်ဖက်မှာလည်း အတိုက်အခံနိုင်ငံရေးသမားတွေက ပြင်သစ်ရဲတပ်ဖွဲ့ဟာ လှေတွေ ထွက်ခွာချိန်မှာ အရေးယူမှုမရှိဘဲ ကြည့်နေတာကြောင့် လူအသက်တွေ အန္တရာယ်ကျရောက်နေတယ်လို့ ဝေဖန်နေကြပါတယ်။

အခုနှစ်အတွင်း အင်္ဂလိပ်ရေလက်ကြားကို လှေငယ်တွေနဲ့ ဖြတ်ကူးပြီး ဗြိတိန်ကို ဝင်ရောက်လာသူ အရေအတွက်ဟာ ယမန်နှစ်ထက် ၄၃ ရာခိုင်နှုန်းခန့် လျော့နည်းနေတယ်လို့ တရားဝင်စာရင်းတွေမှာ ဖော်ပြထားပေမယ့် နွေရာသီရောက်လာတာနဲ့အမျှ ဖြတ်ကူးဖို့ ကြိုးစားသူတွေကတော့ ဆက်လက်များပြားနေဆဲဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.