တိုကျို ဩဂုတ် ၅

ဂျပန် လူဝင်မှုကြီးကြပ်ရေးအေဂျင်စီက လာမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလအစပိုင်းကစပြီး အမျိုးအစား ၂ အထူးကျွမ်းကျင်လုပ်သား SSW2 ဗီဇာကိုင်ဆောင်ထားသူတွေကို ၅ နှစ်သက်တမ်းရှိတဲ့ နေထိုင်ခွင့် ထုတ်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ကြေညာလိုက်ပါတယ်။

လက်ရှိမှာတော့ SSW2 ဗီဇာကိုင်ထားသူတွေဟာ ၆ လ၊ ၁ နှစ်၊ ၂ နှစ် ဒါမှမဟုတ် ၃ နှစ် ဆိုတဲ့ သက်တမ်းတွေနဲ့သာ နေထိုင်ခွင့်ရရှိနေပါတယ်။

အခုလို ၅ နှစ်သက်တမ်း ထပ်တိုးပေးမယ့်အစီအစဉ်က ဂျပန်မှာ အလုပ်အကိုင်တည်ငြိမ်စွာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေအတွက် အကျိုးရှိနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

အရင်ကတော့ ဗီဇာသက်တမ်း ပိုမိုရှည်ကြာချင်ရင် အလုပ်လုပ်ခဲ့တဲ့ မှတ်တမ်းကောင်းမွန်ပြီး အခွန်ပေးဆောင်ထားတဲ့မှတ်တမ်း ကောင်းရမယ်ဆိုတဲ့ စစ်ဆေးမှုတွေ ပိုပြီးတင်းကျပ်ခဲ့ပါတယ်။

အစိုးရဘက်ကတော့ ၅ နှစ်သက်တမ်း ရရှိဖို့ ဘယ်လိုအရည်အချင်းတွေ လိုအပ်မလဲဆိုတာကို အများပြည်သူရဲ့ အကြံပြုချက်တွေ လက်ခံပြီးမှ အသေးစိတ်စည်းမျဉ်းတွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ဟာ ဂျပန်နိုင်ငံမှာ သူနာပြုစောင့်ရှောက်ရေး လုပ်ငန်းလို တခြားဗီဇာအမျိုးအစားတွေရဲ့ အများဆုံး ၅ နှစ်နေထိုင်ခွင့်နဲ့လည်း တူညီသွားမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ဂျပန်မှာ ရေရှည်အခြေချဖို့ စဉ်းစားနေသူတွေအတွက်တော့ ဒီသတင်းက အရေးကြီးတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ လက်ရှိ ဂျပန်မှာ အမြဲတမ်းနေထိုင်ခွင့် (PR) လျှောက်ထားချင်သူတွေဟာ ကိုယ့်ဗီဇာအမျိုးအစားအရ ရနိုင်တဲ့ အရှည်ကြာဆုံး နေထိုင်ခွင့်သက်တမ်းကို ကိုင်ဆောင်ထားရမယ့် သတ်မှတ်ချက်ရှိပါတယ်။

ဒါကြောင့် SSW2 ဗီဇာကိုင်ဆောင်သူတွေ ၅ နှစ်သက်တမ်း ရလာမယ်ဆိုရင် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားဖို့ လိုအပ်တဲ့ အခြေအနေတွေကိုလည်း ပိုပြီး အဆင်ပြေစေနိုင်မယ်လို့ ရှုမြင်ကြပါတယ်။

ဂျပန်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေအတွက်လည်း ဒီသတင်းဟာ စောင့်ကြည့်သင့်တဲ့ အပြောင်းအလဲတစ်ခုဖြစ်ပြီး၊ နောင်အနာဂတ်မှာ ရေရှည်နေထိုင်ခွင့်နဲ့ အနာဂတ်အစီအစဉ်တွေ ချမှတ်ရာမှာ အခွင့်အရေးတွေ ပိုမိုကျယ်ပြန့်လာနိုင်တဲ့ သတင်းကောင်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

Ref:japantimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.