တီဟီရန် ဩဂုတ် ၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နဲ့ ဆွေးနွေးမှုတွေ အခြေအနေကောင်းနေပြီး ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို မကြာခင် ပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ ပြောလိုက်ပါတယ်။

Fox News နဲ့ အင်တာဗျူးမှာ သမ္မတထရန့်က “ဟော်မုဇ်ရေလက်ကြားက မကြာခင် ပြန်ဖွင့်တော့မယ်။ မဖွင့်ဘူးဆိုရင်တော့ အီရန်ကို အလွန်ပြင်းထန်တဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ နောက်ဆုံးမှာတော့ ရေလက်ကြားက ပြန်ဖွင့်ရမှာပဲ” လို့ ပြောဆိုခဲ့တာပါ။

ထရန့်ရဲ့ ပြောဆိုချက်အရ အစပိုင်းမှာတော့ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်ပြီးနောက် အကြီးမားဆုံး စစ်ဆင်ရေးတစ်ခု ဆင်နွှဲဖို့တောင် ပြင်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အီရန်ဘက်က ဆက်သွယ်လာပြီး ဆွေးနွေးဖို့ တောင်းဆိုခဲ့တာကြောင့် စစ်ရေးလမ်းစဉ်အစား ညှိနှိုင်းဆွေးနွေးဖို့ သဘောတူခဲ့တာလို့ ပြောပါတယ်။

ဒါပေမယ့် သမ္မတထရန့်က “အီရန်က ဆွေးနွေးပွဲကနေ နောက်တစ်ခါ ပြန်ထွက်သွားမယ်ဆိုရင် အရမ်းပြင်းထန်တဲ့ တိုက်ခိုက်မှုကို ခံရမှာဖြစ်ကြောင်းနဲ့ အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မပေးနိုင်ကြောင်း” အတိအလင်း ပြောဆိုခဲ့ပါတယ်။

ဩဂုတ် ၄ ရက် တစ်နေ့လုံး အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ရလဒ်ကလည်း အတော်လေး အလားအလာကောင်းနေတယ်လို့ ဆိုပေမယ့် အီရန်ဘက်ကတော့ ဒီအခြေအနေကို တရားဝင် အတည်မပြုသေးပါဘူး။

တကယ်လို့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ပြီး ဒေသတွင်းတင်းမာမှုတွေ လျော့ကျသွားမယ်ဆိုရင် ရေနံဈေးနှုန်းတွေ သိသိသာသာ ကျဆင်းလာနိုင်တယ်လို့ ထရန့်က ခန့်မှန်းထားပါတယ်။

အမေရိကန်မှာ ဓာတ်ဆီတစ်ဂါလံကို ၂ ဒသမ ၅ ဒေါ်လာလောက်အထိ ကျနိုင်တယ်လို့တောင် ပြောခဲ့ပြီး ရေနံကုမ္ပဏီတွေကိုလည်း ဈေးနှုန်းတွေ လျှော့ချဖို့ တိုက်တွန်းခဲ့ပါတယ်။

နောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာတော့ “အီရန်နဲ့ ဆွေးနွေးမှုတွေက အခြေအနေကောင်းကောင်း ရှေ့ဆက်နေတယ်။ နောက် ၄၈ နာရီအတွင်း ရလဒ်ကို သိရလိမ့်မယ်” လို့ ထပ်မံပြောကြားခဲ့ပါတယ်။

Axios သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်၊ အီရန်နဲ့ အိုမန်တို့ဟာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေး ပြန်လည်အသက်ဝင်စေဖို့ ယာယီသဘောတူညီချက်တစ်ရပ် ရရှိဖို့ နီးစပ်နေပြီး၊ မကြာခင် ကြေညာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကမ္ဘာတစ်ဝန်းက ရေနံဈေးကွက်နဲ့ စွမ်းအင်ဈေးကွက်တွေဟာ အဲဒီဆွေးနွေးပွဲရဲ့ ရလဒ်ကို အနီးကပ် စောင့်ကြည့်နေကြပြီး၊ နောက် ၄၈ နာရီအတွင်း ထွက်ပေါ်လာမယ့် သတင်းတွေက ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ ဒေသတွင်း လုံခြုံရေးအခြေအနေကို အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်စေနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

Ref:Anadolu

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.