ကွာလာလမ်ပူ၊ သြဂုတ် ၆
မလေးရှားက ရိုဟင်ဂျာ ဒုက္ခသည် ၅၀၀၀ ကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေး ကြိုတင် ဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်နေပေမယ့် မြန်မာနိုင်ငံ ပြန်ရောက်ရင် သူတို့အနေနဲ့ အသက်အန္တရာယ် ရှိမယ်ဆိုရင် ပြန်ပို့မှာ မဟုတ်ကြောင်း မလေးရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ၅၀၀၀ ကို လက်ခံဖို့ မြန်မာက သဘောတူထားကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့တာပါ။
သူတို့အနေနဲ့ ဖိနှိပ်ခံရမှာ ဒါမှမဟုတ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရနိုင်တဲ့ အန္တရာယ် ရှိရင် မြန်မာနိုင်ငံသို့ ပြန်ပို့မှာ မဟုတ်ဘူးလို့ ဆက်သွယ်ရေးဝန်ကြီး ဖာမီ ဇီးလ်က ပြောပါတယ်။
မြန်မာ အာဏာပိုင်တွေက သူတ လက်သင့်ခံဖို့ အဆင်သင့် ရှိနေပေမယ့် မိမိတို့ အနေနဲ့ သတ်မှတ်ချက်တွေကို လေ့လာဆန်းစစ်နေပြီး သင့်တော်တဲ့ အခြေအနေဆိုရင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်ရောက်ရင် အသက်အန္တရာယ် ရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံရမယ်ဆိုရင် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက စဉ်းစားစရာ ကိစ္စတွေ အများကြီး ရှိနေကြောင်း ပြောထားပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာ ၁၂၆၀၀၀၀ ကျော် အပါအဝင် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီမှာ ခိုလှုံခွင့် မှတ်ပုံတင်ထားသူတွေနဲ့ ဒုက္ခသည် ၂၁၅၀၀၀ ကို မလေးရှားက လက်ခံထားရပါတယ်။
မလေးရှားအနေနဲ့ ဒုက္ခသည်တွေကို တရားဝင် ခိုလှုံခွင့်ပြုရေး နိုင်ငံတကာ သဘောတူညီမှု လက်မှတ်ရေးထိုးထားတာ မရှိပေမယ့် မြန်မာနိုင်ငံကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာ အပါအဝင် ဒုက္ခသည် အများအပြား ရှိနေပါတယ်။
ကွာလာလမ်ပူမြို့ UNHCR ရုံး အပြင်ဖက်မှာ စုဝေး ဆန္ဒပြတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော်ကို မလေးရှား အရာရှိတွေက ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ထိန်းသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေး အစီအစဉ် ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သူတို့ တရားမဝင် အခြေချ နေထိုင်ရာ ပီနန်း ပြည်နယ် မြောက်ပိုင်းကနေ နှင်ထုတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
သူတို့မှာ ကုလသမဂ္ဂက ထုတ်ပေးထားတဲ့ စာရွက်စာတမ်း အမှန် ကိုင်ဆောင်ထားကြောင်း မလေးရှား အရာရှိတွေက စစ်ဆေး အတည်ပြုပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသို့ ပြန်ပို့ဖို့ စီစဉ်ထားပြီးနောက် မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ရိုဟင်ဂျာ ဒုက္ခသည်တွေကို စိစစ်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
လူဝင်မှု ကြီးကြပ်ရေးဌာနက ထိန်းသိမ်းထားတဲ့ နေရာတွေမှာ ရှိနေတဲ့ လူပေါင်း ၄၀၀၀ ကို စိစစ်မှုတွေ ပြုလုပ်နေကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူတီယွန် အစ္စမေးလ်က ပြောပါတယ်။
မလေးရှားရဲ့ ရိုဟင်ဂျာ လူမျိုးများ အခွင့်အရေး အဓိက အဖွဲ့က မလေးရှား အစိုးရအနေနဲ့ ပြန်ပို့မယ့် အစီအစဉ်ကို ရပ်တန့်ဖို့ တောင်းဆိုထားပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရရင် သူတို့ရဲ့ အသက်အန္တယ် ရှိနိုင်တယ်လို့ ပြောဆိုထားပါတယ်။
အရှေ့တောင်အာရှမှာ ဒုက္ခသည် အများဆုံး လက်ခံထားတဲ့ နိုင်ငံတွေက တစ်နိုင်ငံ ဖြစ်တဲ့ မလေးရှားဟာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရဖို့ ကြိုးပမ်းသူတွေကို တရားဝင် လက်ခံရမယ်ဆိုတဲ့ ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတာ မဟုတ်ပါဘူး။
Source: AFP

