လန်ဒန် ဩဂုတ် ၄

အီရန်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဗြိတိန်နိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အတူ ဓာတ်ဆီဆိုင်တွေကနေ ဆီဖြည့်ပြီး ပိုက်ဆံမပေးဘဲ ထွက်ပြေးတဲ့ဖြစ်စဉ်တွေ သိသိသာသာ တိုးလာနေတယ်လို့ စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်သစ်တွေက ဖော်ပြပါတယ်။

လောင်စာဆီခိုးယူမှုကို စောင့်ကြည့်တဲ့ Forecourt Eye ရဲ့ လေ့လာချက်အရ အီရန်စစ်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း ငါးလတာအတွင်း ဗြိတိန်တစ်နိုင်ငံလုံးရှိ ဓာတ်ဆီဆိုင်တွေမှာ တစ်ရက်ပျမ်းမျှ ပေါင်စတာလင် ၁၉၄,၀၀၀ နီးပါး၊ အမေရိကန်ဒေါ်လာ ၂၆၀,၀၀၀ ကျော်တန်ဖိုးရှိတဲ့ လောင်စာဆီတွေ ခိုးယူခံနေရတယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်ပွဲမဖြစ်ခင် ငါးလတာကာလနဲ့ နှိုင်းယှဉ်ရင် ခိုးယူခံရတဲ့ လောင်စာဆီတန်ဖိုးဟာ ၄၈ ရာခိုင်နှုန်းအထိ မြင့်တက်လာတာဖြစ်ပြီး၊ ခိုးယူမှုဖြစ်စဉ် အရေအတွက်ကလည်း ၂၀ ရာခိုင်နှုန်းလောက် တိုးလာခဲ့တာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ရေနံထုတ်လုပ်မှုနဲ့ တင်ပို့မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့သလို ကမ္ဘာ့ရေနံလက်ကားဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ အဲဒီအကျိုးဆက်အဖြစ် ဗြိတိန်နိုင်ငံအတွင်း ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေပါ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

Forecourt Eye က စုဆောင်းထားတဲ့ အချက်အလက်တွေဟာ ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ဓာတ်ဆီဆိုင် ၈,၃၅၉ ဆိုင်ကို ကိုယ်စားပြုနိုင်တဲ့ ဓာတ်ဆီဆိုင် ၅၅၀ က ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံတွက်ချက်ထားတာဖြစ်ပါတယ်။

အဲဒီအချက်အလက်တွေအရ စစ်ပွဲစတင်ပြီးနောက် တစ်ရက်ပျမ်းမျှ ဆီခိုးယူမှုဖြစ်စဉ် ၂,၈၇၂ ကြိမ်ခန့် ဖြစ်ပွားနေပြီး၊ စစ်ပွဲမဖြစ်ခင်ကတော့ တစ်ရက်ပျမ်းမျှ ၂,၄၀၀ ခန့်သာ ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေထဲမှာ ဆီဖြည့်ပြီးတာနဲ့ ပိုက်ဆံမရှင်းဘဲ ကားမောင်းထွက်ပြေးသွားတာတွေအပြင်၊ ဆီဖြည့်ပြီးမှ ပိုက်ဆံပေးဖို့ နည်းလမ်းမရှိဘူးလို့ အကြောင်းပြပြီး မပေးဘဲ ထွက်သွားတာတွေလည်း ပါဝင်ပါတယ်။

တစ်ရက်အတွင်း ခိုးယူခံရတဲ့ လောင်စာဆီပမာဏကလည်း ၈၇,၀၀၀ လီတာကနေ ၁၀၈,၉၀၀ လီတာအထိ ၂၄ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ သိရပါတယ်။

Forecourt Eye ကတော့ ဒီပြဿနာကို ကိုင်တွယ်နိုင်ဖို့ မျက်နှာမှတ်သားနည်းပညာ အသုံးပြုတဲ့ Facewatch ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လာမယ့် ဆောင်းဦးရာသီကစလို့ လက်လီအရောင်းဆိုင် ၂,၀၀၀ ကျော်ကို ရာဇဝတ်မှုသတင်းပို့နည်းပညာတွေ အခမဲ့ အသုံးပြုခွင့်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

လောင်စာဆီဈေးနှုန်းတွေဟာ ဧပြီလအတွင်း အမြင့်ဆုံးအထိ တက်ခဲ့ပေမယ့် အမေရိကန်နဲ့ အီရန်တို့ ငြိမ်းချမ်းရေးမူဘောင် သဘောတူညီမှု ရရှိခဲ့တဲ့ ဇွန်လမှာ အနည်းငယ် ပြန်ကျခဲ့ပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားသွားပြီးနောက် ဈေးနှုန်းတွေဟာ ထပ်မံမြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းကို ထပ်မံ ရောက်ရှိခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.