ဘန်ကောက် ဩဂုတ် ၄
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ (ASEAN) အစည်းအဝေးအတွင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူက မြန်မာနိုင်ငံအပေါ် အဆင့်လိုက် ပြန်လည်ထိတွေ့ဆက်ဆံမှု လုပ်ဖို့ အချိန်တန်ပြီလို့ ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ် အနုတင်က အာဆီယံ အထွေထွေအတွင်းရေးမှူး ကောင်ကင်ဟွန်နဲ့ တွေ့ဆုံပြီးနောက် ဒီမူဝါဒကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး၊ သူဟာ ဩဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ မြန်မာသမ္မတအဖြစ် တာဝန်ယူနေတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်နဲ့လည်း ထိုင်းနိုင်ငံမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ဝန်ကြီးချုပ် အနုတင်ရဲ့ ပြောကြားချက်အရ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ တူညီဆန္ဒ ၅ ချက်ဟာ အခုအထိ အဓိကလမ်းညွှန်မူဘောင်အဖြစ် ရှိနေဆဲဖြစ်ပြီး၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးပို့နိုင်ရေး စတဲ့ ရည်မှန်းချက်တွေကို ဆက်လက်အကောင်အထည်ဖော်သွားရမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အခြေအနေမှန်တွေကိုလည်း ထည့်သွင်းစဉ်းစားပြီး ဆွေးနွေးရေးလမ်းကြောင်းကို ပိတ်မထားဘဲ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံသင့်တယ်လို့ ထိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။
အဲဒီလမ်းစဉ်ဟာ မှန်ကန်တဲ့ဘက်ကို ရွေ့လျားနေပြီလို့လည်း သူက ယုံကြည်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့ပြီး ကျန်းမာရေးကောင်းမွန်နေတယ်ဆိုတဲ့ သတင်းကို ဥပမာအဖြစ် ထည့်သွင်းပြောကြားခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်က”ဒါဟာ ထိုင်းနိုင်ငံက အစဉ်တစိုက် တိုက်တွန်းလာခဲ့တဲ့ နည်းလမ်းပါ”လို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အာဆီယံရဲ့ နိုင်ငံအချင်းချင်း အတွင်းရေးကို မဝင်ရောက်စွက်ဖက်ရေး မူဝါဒက အရေးကြီးနေဆဲဖြစ်ပေမယ့်၊ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့ ပြောင်းလွယ်ပြင်လွယ်နဲ့ လက်တွေ့ကျတဲ့ ချဉ်းကပ်မှု လည်း ရှိသင့်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့ကတော့ အာဆီယံက မြန်မာစစ်အစိုးရနဲ့ ပြန်လည်ထိတွေ့ဆက်ဆံလာတာဟာ စစ်အစိုးရကို နိုင်ငံတကာအဆင့်မှာ ပိုမိုတရားဝင်မှု ရရှိစေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။
တစ်ဖက်မှာလည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဇာ လာဇာရိုက မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ အဆင့်မြင့်အစည်းအဝေးတွေကို ပြန်လည်တက်ရောက်နိုင်ဖို့က “အချိန်အတော်ဝေးသေးတယ်”လို့ ပြီးခဲ့တဲ့လမှာ ပြောကြားထားပါတယ်။
အခုလို ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်နဲ့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ဟာ မြန်မာ့အရေးအပေါ် အာဆီယံရဲ့ မူဝါဒ ပြောင်းလဲလာမလား၊ ဒါမှမဟုတ် ထိုင်းနိုင်ငံရဲ့ သီးခြားသံတမန်ရေး ကြိုးပမ်းမှုတစ်ခုလားဆိုတာကို နိုင်ငံတကာက အနီးကပ် စောင့်ကြည့်နေကြပါတယ်။
Ref:Reuters

