ဘန်ကောက်၊ သြဂုတ် ၄
ခို့ခ်၊ ဆိုင်၊ ရွက်ခ်နဲ့ မဲခေါင်မြစ် ကာကွယ်ရေး ကွန်ရက် အဖွဲ့ဝင်တွေက အဲဒီ မြစ်တွေကနေ နမူနာ ရယူထားတဲ့ မြစ်ရေ ဘူးတွေကို ယူဆောင်ပြီး ဆန်သီသမ် ဘုရားကျောင်းကနေ မြန်မာ ကောင်စစ်ဝန်ရုံးအထိ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြဖို့ စီစဉ်ထားကြောင်း အာဏာပိုင်တွေထံ အသိပေးထားပြီးနောက် ကောင်စစ်ဝန်ရုံး အဆောက်အဦ တဝိုက် ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တွေရော အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပါ ချထားခဲ့တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။
ချန်ဖူအက် ရဲစခန်း ရဲမှူး ဆာဝက် ချိုဆီရီက ကောင်စစ်ဝန်ရုံး ကိုယ်စား ရေနမူနာတွေကို လက်ခံရယူခဲ့ပြီး ဖြေရှင်းပေးရေး တောင်းဆိုစာကို လက်ခံရယူခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တရုတ် ထောက်ပံ့ပေးထားတဲ့ သတ္တုတွင်းတွေကြောင့် ထိုင်း မြစ်ရေတွေ အဆိပ်သင့်နေကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောဆိုထားပြီး ပုံမှန်ဆိုသလို ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။
သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေက အဲဒီ ရေထု ညစ်ညမ်းမှုကိစ္စကို မြန်မာ အာဏာပိုင်တွေဆီ တင်ပြ ကန့်ကွက်ထားပြီး ဖြေရှင်းဖို့ အရေးတကြီး လိုနေကြောင်း ပြောဆိုထားပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်းမှာလည်း အဲဒီ ပြဿနာကို ဖြေရှင်းပေးရေး ဖိအားပေး တောင်းဆိုသွားမှာ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်က ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ တရုတ် ကုမ္ပဏီတွေ လုပ်ကိုင်နေတဲ့ သတ္တုတွင်းတွေကြောင့် ထိုင်း၊ မြန်မာနဲ့ ပိုကျယ်ပြန့်တဲ့ မဲခေါင် မြစ်ဝှမ်းဒေသ နေထိုင်သူတွေအပေါ် ထိခိုက်မှုတွေ ရှိနေတယ်လို့ ထိုင်း အရာရှိတွေက ပြောပါတယ်။
ထိုင်း တက်ကြွလှုပ်ရှားသူတွေက မြန်မာနိုင်ငံရှိ သတ္တုတွင်းတွေကြောင့် ရေထု ညစ်ညမ်းစေတဲ့အတွက် အဲဒီသတ္ထုတွင်းလုပ်ငန်းတွေ ရပ်ဆိုင်းရေး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အဲဒီ သတ္တုတွင်းတွေကြောင့် ထိုင်းနိုင်ငံသားတွေလောက်ပဲ ထိခိုက် နစ်နာနေတာ မဟုတ်ဘဲ ကိုယ့်သဘောထားကို လွတ်လွတ်စွာ ဖော်ပြခွင့်မရတဲ့ မြန်မာနိုင်ငံသားတွေလည်း ထိခိုက်ခံစားနေရတယ်လို့ ထိုင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
သံလွင်မြစ်၊ ရနောင်းနဲ့ ကန်ချနာဘူရီ ဒေသတွေမှာ ဒေသခံတွေ ရေထု ညစ်ညမ်းမှုကြောင့် အခက်ကြုံနေရတယ်လို့ ထိုင်းတက်ကြွလှုပ်ရှားသူတွေက ပြောဆိုပါတယ်။
ကန်ချာနာဘူရီ ပြည်နယ်မှာ ဖလူရွိုက် သန့်စင် စက်ရုံ တစ်ခု တည်ဆောက်မယ့် စီမံကိန်းကိုလည်း တက်ကြွ လှုပ်ရှားသူတွေက ကန့်ကွက်ထားပါတယ်။
သတ္တုတွင်း လုပ်ငန်းတွေကြောင့် ပြဿနာ ရှိနေတယ်ဆိုတာ မင်းအောင်လှိုင်ကို သိစေချင်တယ်လို့ ထိုင်း တက်ကြွလှုပ်ရှားသူများ အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဖူဆာကူးလ်က ပြောပါတယ်။
သဘောတူညီမှုအရ သတင်းအချက်အလက် ရယူစုဆောင်းရေး စောင့်ကြည့်ရေး လုပ်ငန်းစဉ်အတွင်း အာဆီယံ မဲခေါင်အဖွဲ့မှာ ပါဝင်ရေး ထိုင်းရဲ့ အဆိုပြုချက်ကို မြန်မာက ပယ်ချထားတယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲထား ပါတယ်။
တက်ကြွလှုပ်ရှားသူတွေက ထိုင်းအစိုးရအနေနဲ့ လက်ရှိ သတ်မှတ် ပြဌာန်းချက်တွေကို ဆိုင်းငံ့ပြီး ရေထု ညစ်ညမ်းမှု ဖြစ်စေတဲ့ အဓိက နေရာကို ဖြေရှင်းဖို့ တိုက်တွန်းထားကြပါတယ်။
တရုတ်နဲ့ မြန်မာက တင်ပို့တဲ့ သတ္တုတွေကိုလည်း လက်မခံဖို့ ထိုင်းအစိုးရကို တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။
ဆန္ဒပြပွဲအတွင်း အမျိုးသား ဆန္ဒပြသူ နှစ်ဦးက ထိုင်းဝန်ကြီးချုပ် အနုတင်နဲ့ မင်းအောင်လှိုင်တို့ရဲ့ မျက်နှာပုံစံ မျက်နှာဖုံးတွေ တပ်ဆင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ သတ္တုတွင်းတွေကြောင့် ထိုင်းနိုင်ငံရှိ ခို့ခ်မြစ်၊ ဆိုင်မြစ်၊ ရွက်ခ်မြစ်နဲ့ မဲခေါင်မြစ်တို့ ရေထု ညစ်ညမ်းမှု၊ မြစ်ရေ အဆိပ်အတောက် ဖြစ်မှုတို့ရဲ့ ရင်ဆိုင်နေရကြောင်း ပညာရှင်တွေကလည်း ပြောထားပါတယ်။
ထိုင်းတက်ကြွလှုပ်ရှားသူတွေက မြစ်ရေ ညစ်ညမ်းမှု ဖြစ်စေတဲ့ သတ္တုတွင်း လုပ်ငန်း အားလုံး ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
Ref:The Nation Thailand

