မော်စကို၊ သြဂုတ် ၄
ရုရှားနိုင်ငံတောင်ပိုင်းရှိ လူအဝင်များတဲ့ ကမ်းခြေ တစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၃ ဦး အပါအဝင် လူ ၇ ဦး သေဆုံးကြောင်း ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
လူမှုမီဒီယာပေါ်က ဗီဒီယိုဖိုင်တွေမှာ တောင်ကမ်းပါး တစ်ခုကို ဒရုန်း တစ်စီး ဝင်တိုက်ပြီး ကမ်းခြေမှာ ကမ္ဘာလှည့် ခရီးသွားတွေ ရှိနေချိန် မီးလုံးကြီး တောက်လောင်လာတာကို မြင်တွေ့ရပါတယ်။
စုစုပေါင်း ထိခိုက်ဒဏ်ရာရသူ ၄၀ ကျော်ရှိပြီး လူ ၁၇ ဦး ဆေးရုံ တင်ထားရကြောင်း ဗီနီယမ်မီ ခွန်ဒရတ်ယေ့ဗ်ဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ယူကရိန်းက အရပ်သားတွေ အပေါ် တမင်တကာ တိုက်ခိုက်တာ ဖြစ်တယ်လို့ သူက ပြောပေမယ့် ယူကရိန်းက မှတ်ချက် မပေးသေးပါဘူး။
အရပ်သားတွေကို တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ရုရှားကရော ယူကရိန်းကပါ ငြင်းဆိုထားပါတယ်။
အဲဒီ ဒရုန်းက ဘယ်နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဒရုန်းဟာ ဆက်သွယ်ရေးလိုင်း ပိတ်ဆို့ခံရတာကြောင့် ကမ်းခြေပေါ်ကို ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း တယ်လီဂရမ်ချန်နယ် တချို့မှာ ဖော်ပြထားပါတယ်။
မျက်မြင်သက်သေတွေကို ကိုးကားပြီး ရုရှား မီဒီယာတွေက ဖော်ပြရာမှာတော့ အဲဒီ ဒရုန်းဟာ လေကြောင်း ကာကွယ်ရေးစနစ်ရဲ့ ပစ်ချတာ ခံရတာ ဖြစ်နိုင်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
ပင်လယ်နက်ရှိ အာခီပို-အိုစီပိုဗာကျေးရွာအနီး ကမ်းခြေမှာ အဲဒီ ဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဒေသမှာ ရာသီဥတု နွေးထွေးပြီး ရှည်လျားတဲ့ ကမ်းခြေတွေမှာ ကမ္ဘာလှည့် ခရီးသွားဆိုင်ရာ အခြေခံ အဆောက်အဦတွေလည်း ပေါများတာကြောင့် ရုရှား နိုင်ငံသားတွေကြား အားလပ်ရက်တွေမှာ လူသွားလူတာများတဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။
ဒရုန်း တိုက်ခိုက်မှု မတိုင်ခင် လေကြောင်းရန် အချက်ပေးသံ ထွက်ပေါ်ခဲ့တာ မရှိဘူးလို့ ကမ္ဘာလှည် ခရီးသွားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒရုန်း ကျရောက် ပေါက်ကွဲပြီးနောက် စက်သေနတ် ပစ်သလို သေနတ်ပစ်သံတွေ ကြားခဲ့ရတယ်လို့ မျက်မြင် သက်သေတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က စတင်ပြီး ယူကရိန်းက ရုရှားနိုင်ငံ အတွင်းနက်နက်ထဲအထိ ထိုးဖောက်တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။
ရုရှားရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦတွေနဲ့ စီးပွားဖြစ် ကုန်လှောင်ရုံတွေကို ယူကရိန်းက အရှိန်မြှင့် တိုက်ခိုက်နေပြီး စစ်ရေးအတွက် အသုံးပြုနေတဲ့ နေရာတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုတွေ ရှိနေပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှား မြို့တွေကို ယူကရိန်းက တိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ပါတယ်။
ရုရှားကလည်း ယူကရိန်းရဲ့ လူနေဒေသတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး အရပ်သား ထောင်ပေါင်းများစွာ ထိခိုက်သေဆုံးခဲ့ရပါတယ်။
သြဂုတ် ၁ ရက်က ကိဗ်မြို့ကို ရုရှားက ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် လူ ၉ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။
မြို့တော် ကိဗ်ရှိ အဆောက်အဦ တစ်ခု ဒုံးကျည် ထိမှန်ပျက်စီးမှုကြောင့် အထဲမှာ ပိတ်မိနေသူတွေ ရှိကြောင်း မြို့တော်ဝန်က ပြောပါတယ်။
မကြာသေးခင် သီတင်းပတ်တွေက ရုရှားရဲ့ အမေဇုန် ကုမ္ပဏီလို့ တင်စားခံရတဲ့ Wildberries ကုမ္ပဏီ ကုန်လှောင်ရုံတွေကို ယူကရိန်းက တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်ခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အထမြောက်စေဖို့ သံတမန်ရေး အရ ကြိုးပမ်းမှုတွေ ရှိနေပေမယ့် နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ အရှိန်မြင့်တက်နေဆဲ ဖြစ်ပါတယ်။
ယူကရိန်းက လေကြောင်းရန် ကာကွယ်ရေးအတွက် ဒုံးကျည်တွေ ထပ်မံ ပေးပို့ဖို့ မဟာမိတ်တွေကို တောင်းဆိုထားပြီး အမေရိကန် လေကြောင်း ကာကွယ်ရေး စနစ် ကိုယ်တိုင်ထုတ်လုပ်ခွင့် ရရှိထားပြီလို့ ဆိုပါတယ်။
ယူကရိန်းက နှစ်နိုင်ငံ နယ်စပ်နဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးတဲ့ ရုရှား နယ်နိမိတ်ထဲအထိ ဒရုန်းတွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Ref:BBC

