တနင်္သာရီ၊ ဩဂုတ် ၅
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာမှာ အာဏာသိမ်း စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲသွားတာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ သြဂုတ် ၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ မြိတ်လေတပ်ကနေ တက်လာတဲ့ စက်တပ်လေထီး သုံးစီးဟာ လမိုင်းကော့ကျေးရွာထဲကို ဗုံး သုံးလုံးကြဲချခဲ့ရာ ရွာလယ်ပိုင်းမှာ နှစ်လုံးနဲ့စိုက်ခင်းထဲမှာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။
အဲဒီဗုံးကြဲမှုကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီး တစ်ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး နေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
စစ်တပ် ဗုံးကြဲသွားတဲ့ လမိုင်းကော့ကျေးရွာဟာ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာ တစ်ခု ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ မေလကစလို့ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ထုံနွယ်ကျေးရွာမှာ စစ်တပ်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်

