ရေဖြူ၊ ဩဂုတ် ၅

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအစပ်ဖြစ်တဲ့ ရေဖြူမြို့နယ် ပြည်ထောင်စုလမ်းပိုင်းမှာ စစ်တပ် စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၂၀၀ ကျော်ပါတဲ့ အာဏာသိမ်း စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစလို့ ရေဖြူမြို့နယ် ပြည်ထောင်စုလမ်းပိုင်းက ရာဖူး၊ ကျွဲတလင်းနဲ့ ကျောက်ကုတင်ကျေးရွာတို့ကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ကျောက်ကုတင်ကျေးရွာက ဒေသခံ အမျိုးသား ငါးဦးကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးထားပြီး ဒီကနေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်တပ်စစ်ကြောင်းဟာ ရာဖူးကျေးရွာနဲ့ ကျွဲတလင်းကျေးရွာအနီး ပတ်ဝန်းကျင်တွေမှာ တပ်ဖြန့်ထားတဲ့အတွက် နှစ်ဖက်စစ်ရေး တင်းမာနေတာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ အဲဒီစစ်ကြောင်းဟာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး ရှေ့တိုးလာရင်တော့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ပြောပါတယ်။

စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတချို့ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် ကြိုတင်စစ်ရှောင်တာတွေ ရှိနေပြီး အများစုကတော့ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ကလည်း ရေဖြူမြို့နယ် ရာဖူးကျေးရွာမှာ တပ်ချိန်းဖို့ လာတဲ့ အင်အား ၅၀ ပါ စစ်တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဗိုလ်တစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.