ဘီးလင်း၊ ဩဂုတ် ၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေက ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေပါ မကျန် စစ်မှုထမ်း ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့က စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ အိမ်စီးကားတွေနဲ့ ဘီးလင်း-တောင်စွန်းလမ်းပိုင်းနဲ့ဘီးလင်းမြို့ပေါ် ရပ်ကွက်တချို့မှာ ဒေသခံလူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးခံရသူ လူငယ် ၇ ဦးမှာ တစ်ဦးဟာ ဘီးလင်းမြို့မရဲစခန်းက ရဲတပ်ကြပ် တစ်ဦးရဲ့ ညီဖြစ်ပြီး မိသားစုဘက်က လိုက်လံဖြေရှင်းပေမယ့် ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဘီးလင်းမြို့ ဘိုတေဇရပ်ကွက်နေ ရဲတပ်ကြပ်ရဲ့ ညီဖြစ်သူ၊ ပေါက်တောကျေးရွာနဲ့တောင်စွန်းကျေးရွာက လူငယ် ၆ ဦး၊ စုစုပေါင်း ၇ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။
စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေကို အဲဒီနေ့ ညနေပိုင်းမှာပဲ မော်လမြိုင်မြို့ မုပွန်ရပ်ကွက်ရှိ စစ်သားစုဆောင်းရေးကျောင်းသို့ ပို့လိုက်တယ်လို့ သိရပါတယ်။
စစ်မှုထမ်း သင်တန်းအတွက် တပ်သား လိုအပ်ချက်ရှိနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ဌာနဆိုင်ရာဝန်ထမ်း မိသားစုဝင်တွေအပြင် ရဲတပ်ဖွဲ့ရဲ့ မိသားစုဝင်တွေကိုပါ မကျန် စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးလာပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၇ သင်တန်းအတွက် မွန်ပြည်နယ်က လူငယ် ၂၀၀ ကျော် စစ်သားစုဆောင်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

