မော်လမြိုင် ၊ ဩဂုတ် ၆

မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်မှု အကျပ်အတည်း ဆက်လက်ဖြစ်ပေါ်နေပေမယ့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရက ဖြေရှင်းဆောင်ရွက်နိုင်မှု မရှိတဲ့အပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။

စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယအပတ်ကစတင်ကာ မြို့နယ်အားလုံးမှာ တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှုနဲ့ ထပ်မံရင်ဆိုင်နေရပါတယ်။

ဒေသတွင်းမှာတော့ စက်သုံးဆီတွေ တိုက်ရိုက် ဝင်ရောက်မှု ရှိပေမယ့် မကြာခဏ စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်တာ၊ လိုသလောက် ဝယ်ယူလို့ မရတာတွေအပြင် အရောင်း ပိတ်ထားတာကအစ ရှိနေတာ ဖြစ်ပါတယ်။

သထုံ ဒေသခံ တစ်ဦးကတော့ စက်သုံးဆီ အခက်အခဲဟာ ပြောမပြတက်အောင် အခက်အခဲနဲ့ ကြုံတွေ့ နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြောပြလို့ မတက်အောင် ခက်ခဲတာပေါ့။ကျွန်တော်တို့မှာ တော်တော်လေးကို ခက်ခဲတယ်။ ဆီမရှိတဲ့ အခါကျတော့ ကျွန်တော်တို့က ဘယ်လို ပြောပြရမှန်းကိုတောင် မသိတော့ဘူး။အခုဟာက ဘယ်လိုလုပ်လို့ လုပ်ရမှန်းကို မသိဘူး။ တခြားဆိုင် သွားလည်း လက်ခါပြ၊ တခြားဆိုင် သွားလည်း လက်ခါပြ တောင်းတောင်းပန်းပန်းနဲ့ ရှိခိုးပြီး ပြောမှ နှစ်သောင်းဖိုး သုံးသောင်းဖိုး ရတာ”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ စက်သုံးဆီ အခက်အခဲဟာဆိုရင် မွန်ပြည်နယ် တစ်ခုထဲမှာသာ မကြာခဏ ကြုံတွေ့နေရတာကြောင့် စစ်တပ် အသွင်းအပြောင်း မွန်ပြည်နယ် အစိုးရရဲ့ စီမံခန့်ခွဲမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ရေး ဒေသခံ တစ်ဦးကလည်း ပြည်နယ်အတွင်းမှာ စက်သုံးဆီ ပြတ်လပ်မှု ပြဿနာ ပိုမိုကြီးမားလာတာကြောင့် စက်သုံးဆီနဲ့ ပတ်သက်ပြီး မူဝါဒ တစ်ခုချဖို့ လိုအပ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီစက်သုံးဆီ ပြဿနာက ကြီးနေတာပဲ။စက်သုံးဆီက မှောင်ခိုဈေးနဲ့ ဝယ်ရတာ ဈေးတစ်မျိုး QR Code နဲ့ဝယ်ရတာ ဈေးတစ်မျိုး ဖြစ်တာပေါ့၊။ဘာဖြစ်လာလည်း ဆိုတော့ တခြား အခက်အခဲတွေလည်း ပိုဖြစ်လာတာပေါ့။ ဆီနဲ့ ပတ်သက်ပြီးတော့ မူဝါဒ တစ်ခုကိုတော့ သေချာ အောက်ခြေမှာ လုပ်ရ ကိုင်ရ လွယ်မယ့် မူဝါဒတွေလည် ချမှတ် စေချင်တာပေါ့”လို့ ဆိုပါတယ်။

တဖက်မှာတော့ စက်သုံးဆီတွေဟာ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရရဲ့ ညွှန်ကြားချက်နဲ့ မုဒုံမြို့နယ်၊ ကတုံးပေါ် ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်း ကနေ တင်ဒါ အောင်မြင် ထားတဲ့ Myanmar Energy King ကုမ္ပဏီနဲ့ Ya Zar Min Industry ကုမ္ပဏီ တို့က ဒေသတွင်း ဖြန့်ဝေနေတာပါ။

အခုလို စက်သုံးဆီတွေ ပြည်နယ်အတွင်း တိုက်ရိုက် ဝင်ရောက်နေပေမယ့် စက်သုံးဆီ ဈေးနှုန်းတွေဟာ တခြား တိုင်းနဲ့ ပြည်နယ်တွေထက် အမြင့်ဆုံး ဈေးတန်းမှာ ရှိနေသလို မကြာခဏ ပြတ်လပ်မှုတွေနဲ့ပါ ကြုံတွေ့ နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.