နေပြည်တော် ၊ ဩဂုတ် ၆
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ဌာနေ ကိုယ်စားလှယ်နဲ့ စစ်အုပ်စုရဲ့ တွေ့ဆုံခွင့်ပေးမှုအပေါ် မြန်မာ့အကျပ်အတည်းအတွက် အလှည့်အပြောင်းအဖြစ် လှည့်စားမခံဖို့ NUG နဲ့ NLD က ကိုယ်စီ သတင်းထုတ်ပြန်ပြီး သတိပေးပါတယ်။
ဩဂုတ် ၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က လာရောက် တွေ့ဆုံခဲ့တယ်လို့ စစ်အုပ်စုက ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ခဲ့ပြီး ICRC ဘက်ကလည်း အတည်ပြုထားတာပါ။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခေါင်းစဉ်နဲ့ သီးသန့် သွားရောက်တွေ့ဆုံခဲ့မှုကို လှိုက်လှဲစွာ ကြိုဆိုပြီး ICRC ရဲ့ ကြိုးပမ်းမှုတွေကိုလည်း အသိအမှတ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီတို့က အသိပေးပါတယ်။
အဲဒီတွေ့ဆုံမှုဟာ နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ်တောက်ခံရပြီး မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်းကို သိရှိစေခဲ့ရပြီး စိုးရိမ်ပူပန်နေကြတဲ့ လူထုတရပ်လုံးအတွက် အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာ ရစေခဲ့တယ်လို့ NUG က ဆိုပါတယ်။
တစ်ဘက်မှာ ဒီတွေ့ဆုံမှုဟာ အာဏာသိမ်းစစ်အုပ်စုအတွက် တရားဝင်မှု ရရှိစေရေး အသုံးချတာ သူတို့ ကျူးလွန်ထားတဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကို ဖုံးကွယ်ပေးတာ ဒါမှမဟုတ် မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် စစ်မှန်တဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာရမယ့် အရေးကိစ္စတွေကို အစားထိုးလှည့်စားတာတွေအတွက် လုံးဝ အသုံးချခွင့် မပြုသင့်ကြောင်း ထောက်ပြထားးတာပါ။
အလားတူ NLD ဗဟိုအလုပ်ကော်မတီကလည်း အခုလို တွေ့ဆုံမှုတရပ်တည်းအပေါ် မူတည်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ အပြုသဘောဆောင်တဲ့ အလှည့်အပြောင်းတရပ်ဖြစ်ပေါ်လာပြီလို့ စောစီးစွာ ကောက်ချက်ချခြင်း မပြုမိကြဖို့ ထုတ်ပြန်ချက်မှာ သတိပေးထား တွေ့ရပါတယ်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ရဲ့ လုပ်ငန်းတာဝန်တွေကို အပြည့်အဝ ဆက်လက်ဆောင်ရွက်နိုင်ခွင့် ရှိ မရှိနဲ့ လက်တွေ့ကျတဲ့ တိုးတက်မှုတွေကိုသာ ဆက်လက်စောင့်ကြည့်သင့်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ဆိုပါတယ်။
ICRC ဌာနေကိုယ်စားလှယ်နဲ့ မတွေ့ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာသိမ်းချိန်ကစပြီး နိုင်ငံတကာ ကိုယ်စားလှယ်တွေနဲ့ တစ်ခါမှ တွေ့ဆုံခွင့်မရခဲ့ပါဘူး။ ဒ့ါအပြင် စစ်အုပ်စုက မတရားစွပ်စွဲထားတဲ့ ပုဒ်မတွေနဲ့ အမိန့်ချမှတ်ပြီးနောက်ပိုင်း ရှေ့နေအဖွဲ့နဲ့ တွေ့ခွင့်မရခဲ့တာလည်း ဒီကနေ့တိုင်ပါ။
ဒါကြောင့် သားဖြစ်သူ ကိုထိန်လင်းက အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ Proof of life လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကလည်း ဆက်တိုက် ဝန်းရံတောင်းဆိုခဲ့ကြတာပါ။
တစ်ဘက်မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် စစ်အုပ်စုက ခွင့်မပြုခဲ့ပါဘူး။
ဒီအခြေအနေမှာ နှစ်ကာလရှည်ကြာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက လူသားချင်းစာနာထောက်ထားမှုအရ ICRC ဌာနေ ကိုယ်စားလှယ်နဲ့ ပထမဆုံး တွေ့ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုဟာ အပြုသဘောဆောင်တဲ့ လူသားချင်းစာနာမှုဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ ချုပ်နှောင်ထားရှိတဲ့ အခြေအနေတွေနဲ့ အခြေခံအခွင့်အရေးတွေအပေါ် ဆက်ရှိနေတဲ့ ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ပါးစေခြင်း မရှိဘူးလို့ NUG က ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ ICRC ကိုသာ ရွေးချယ်ပြီး တွေ့ဆုံခွင့်ပေးတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေတယ်လို့ ထောက်ပြထားတာပါ။
ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးဖို့ အစီအစဉ်ရှိ မရှိ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် စစ်အုပ်စုပြောခွင့်ရ ဒေါက်တာ ခိုင်ခိုင်စိုးရဲ့ ဖြေကြားမှုက သက်သေခံနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မတရားစွပ်စွဲထားတဲ့ ပြစ်မှုတွေနဲ့ ဥပဒေအရ အရေးယူခံထားရတဲ့ ပြစ်ဒဏ်ကျခံထားရတဲ့သူအဖြစ် စစ်အုပ်စုက သဘောထားတာကြောင့် နိုင်ငံတကာ ကိုယ်စားလှယ်တွေနဲ့ တွေ့လို့မရဘူးဆိုတဲ့ အဖြေကိုသာ သတင်းစကားပါးခဲ့တာပါ။
လက်ရှိအခြေအနေမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို အခြေခံပြီး အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ အတားအဆီးမရှိ ပေးပို့နိုင်ရေးနဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ထိတွေ့ဆက်ဆံမှုတွေ ဖြစ်ပေါ်လာရေးကို ဆက်လက်တိုက်တွန်းနေတာပါ။
ဒါကြောင့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူတွေအားလုံးနဲ့ လွတ်လပ်စွာ တွေ့ဆုံနိုင်ခွင့်ရရှိရေး၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပေါ်ပေါက်ရေးကနေ လက်တွေ့ကျတဲ့ ခြေလှမ်းတွေ ပေါ်ပေါက်လာခြင်းကသာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကနေ တိုးတက်လာမှု အညွှန်းကိန်းတွေအဖြစ် သတ်မှတ်နိုင်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီက အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

