သည်ဟေ့ဂ်၊ နိုဝင်ဘာ ၂၈
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက်တွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေချိန်မှာ သူ့ကို လွှတ်ပေးရေး တောင်းဆိုမှုနဲ့ ပတ်သက်လို့ အယူခံတရားသူကြီးတွေက ဆုံးဖြတ်ဖို့ ပြင်ဆင်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC မှာ ဖမ်းဆီးခံထားရာကနေ အခုရက်ပိုင်းအတွင်း ပြန်လွတ်မြောက် လာနိုင်ပါတယ်။
ဒူတာတေးကို လွှတ်ပေးလိုက်ရင် အမှု ရင်ဆိုင်ဖို့ ပြန်လာမှာ မဟုတ်ဘဲ လွတ်မြောက်နေချိန်မှာလည်း မျက်မြင်သက်သေတွေကို ရန်စတာတွေ လုပ်နိုင်ကြောင်း တရားသူကြီးတွေက စစ်ဆေးတွေ့ရှိပြီးနောက် သူ့ကို ဆက်လက် ဖမ်းဆီးထားရေး အောက်တိုဘာလက ဆုံးဖြတ်မှုကို သူ့ရဲ့ ဥပဒေဆိုင်ရာအဖွဲ့က အယူခံ တင်သွင်းထားပါတယ်။

ဒူတာတေးဟာ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန်မှာရော နောက်ပိုင်း သမ္မတ ဖြစ်လာချိန်မှာပါ မူးယစ်ဆေးဝါး နှိမ်နှင်းမှုအတွင်း လူဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်လို့ ICC ရှေ့နေတွေက ပြောပါတယ်။
မူးယစ်ဆေးဝါး ရောင်းသူတွေနဲ့ သုံးစွဲသူတွေလို့ဆိုသူတွေ အပါအဝင် ရာဇဝတ်ကောင်တွေလို့ စွပ်စွဲခံထားရသူတွေကို သတ်ဖြတ်မှုအပါအဝင် ဒူတာတေးက အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်တွေ ပြုလုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ICC ရှေ့နေတွေက ပြောပါတယ်။

ဒူတာတေးရဲ့ သမ္မတ သက်တမ်းအတွင်း သေဆုံးသူအရေအတွက် ခန့်မှန်းချက်တွေက အမျိုးမျိုး ဖြစ်နေပါတယ်။
ဖိလစ်ပိုင်ရဲတပ်ဖွဲ့က လူ ၆၀၀၀ သေဆုံးခဲ့တယ်လို့ ပြောထားချိန်မှာ လူ့အခွင့်အရေး အဖွဲ့တွေက လူ ၃၀၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လက ဒူတာတေးကို ဖမ်းဆီးချိန်မှာ သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုဝင်တွေက ကြိုဆိုခဲ့ကြပါတယ်။
ဒူတာတေးဟာ မှတ်ဉာဏ်တွေ ယုတ်လျော့လာနေပြီး ရှေ့နေတွေကို မကူညီနိုင် ဖြစ်နေတယ်လို့ သူ့ရဲ့ ရှေ့နေတွေက ချေပထားပါတယ်။
ဒူတာတေး အာဏာရှိချိန်က အကြမ်းဖက် တိုက်ခိုက်မှုတွေကို စုံစမ်း စစ်ဆေးသွားမယ်လို့ ICC ရှေ့နေတွေက ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလအတွင်း ပြောကြားထားပါတယ်။
သမ္မတ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်တဲ့ ဒူတာတေးက နောက်တစ်လ အကြာမှာ ဖိလစ်ပိုင်အနေနဲ့ ICC တရားရုံးအဖွဲ့ဝင် အဖြစ်က နုတ်ထွက်မယ်လို့ ပြောဆိုခဲ့ပြီး ဒါဟာ တာဝန်ရှိမှုကို ရှောင်ရှားဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုခဲ့ကြပါတယ်။
Ref:AP

