မော်လမြိုင် ၊ နိုဝင်ဘာ ၂၆
စစ်တပ်ရဲ့ တစ်ကျော့ပြန် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရပေမယ့် စစ်ကော်မရှင်အပေါ် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေဟာ မထိရောက်သေးဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဒါကြောင့် စစ်ကော်မရှင်ဟာ အာဏာသိမ်းမှု တရားဝင်ဖြစ်ရေး မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ရုရှား၊အိန္ဒိယနဲ့ ဘယ်လာရုစ်နိုင်ငံတွေရဲ့ အားပေးထောက်ခံမှုနဲ့အတူ ဒီနှစ်ကုန်ပိုင်းမှာ အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့အထိ ဖြစ်လာတာပါ။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကလည်း စစ်ကော်မရှင်က အကောင်အ ထည်ဖော်ဖို့ ပျက်ကွက်နေတဲ့အတွက် အာဆီယံအနေနဲ့ အချိန်ကန့်သတ်ချက်ထားပြီး အရေးယူတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်သင့်တယ်လို့ ထောက်ပြတာလည်း ရှိနေပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က နိုင်ငံတကာအနေနဲ့ စစ်အုပ်စုအပေါ် ဘုံသဘောတူညီချက် ၅ ရပ် ထက်ပိုတဲ့ နိုင်ငံရေးဖိအားပေးမှုတွေ အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ကြဖို့ လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လက်ရှိအခြေအနေမှာတော့ အာဆီယံသဘောတူညီချက် ၅ ရပ်ထက်စာရင် စစ်အုပ်စုက ရွေး ကောက်ပွဲကို မတရားကျင်းပနေပြီ။ ရွေးကောက်ပွဲဥပဒေကလည်း ဖမ်းဆီးထောင်ချတာတွေ နှစ်ရှည်ထောင်ချနေတာတွေလည်း ရှိနေတာဖြစ်တဲ့အတွက် လူ့အခွင့်အရေးကို ပိုချိုးဖောက်နေတာဖြစ်တော့ နိုင်ငံတကာအနေနဲ့ မြန်မာစစ်အုပ်စုအပေါ် ဒီထက်ပိုတဲ့ နိုင်ငံရေးဖိအားပေးမှုမျိုးတွေ ဒီထက်ပိုတဲ့ အရေးယူပိတ်ဆို့မှုမျိုးတွေနဲ့ အများပြည်သူလိုလားတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်နိုင်အောင်လို့ ဝိုင်းပြီး ဖိအားပေး လုပ်ဆောင်ကြဖို့ လိုတယ်”လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေဟာ စစ်အာဏာသိမ်းမှု ၅ နှစ်တာအတွင်း လူ့အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့အတူ စစ်ကော်မရှင်ရဲ့ ဖိအားပေးမှုတွေကို နည်းမျိုးစုံ ခံစားနေကြရပြီး ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကိုလည်း တစ်နိုင်ငံလုံးအနှံ့ ရင်ဆိုင်နေရတာပါ။
ဒါ့အပြင် အများပြည်သူဆိုင်ရာ နေရာတွေ အဆောက်အအုံတွေနဲ့ အရပ်သားပြည်သူပစ်မှတ်တွေကို ဦးတည်တဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း စစ်ကော်မရှင်က ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
တစ်ဘက်မှာတော့ ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်ခံအစိုးရတစ်ရပ်ဖြစ်ဖို့ စစ်ကော်မရှင်က အတိုက် အခံ အင်အားကြီး နိုင်ငံရေးပါတီတွေ မပါဝင်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလို့ အမည်တပ်ကာ မကြာမီ ကျင်းပတော့မှာပါ။
ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂတို့ကတော့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ ပြောဆိုထားပေမယ့် အာဆီယံကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကန့်ကွက်ပယ်ချတာမျိုး မရှိသေးပါဘူး။
လေ့လာသူတွေကတော့ တရားဝင်မှုရဖို့ ကြိုးပမ်းနေတဲ့ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးနယ်ပယ်ကို အာဆီယံအတွင်း လျှော့ချတာ လက်မခံတာနဲ့ ငြင်းပယ်တာတွေ လုပ်ရင် ပိုပြီး ခရီးရောက်မယ်လို့ ယူဆတာတွေလည်း ရှိနေပြန်ပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရွေးကောက်ပွဲကို တရားဝင်မှု မပေးဘူးဆိုတဲ့ အသံ ထုတ်ပေးသင့်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ တချို့ အင်အားကြီးနိုင်ငံတွေ မြန်မာနိုင်ငံနဲ့ မပတ်သက်လို့ မရတဲ့ နိုင်ငံတွေကနေ စစ်ကော်မရှင်က လက်ရှိ လုပ်နေတဲ့ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူးလို့ ပြောတဲ့ အခြေအနေထက် ဒီရွေးကောက်ပွဲကို တရားဝင်မှု မပေးဘူးဆိုတဲ့ အသံတွေကို ထုတ်ပေးခြင်းအား ဖြင့် ပိုပြီးတော့ ဖိအားပေးလို့ ရနိုင်မယ်လို့ ကျွန်တော် ထင်တယ်”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရဲ့ ကြေညာချက်မှာ ရွေးကောက်ပွဲတွေ မကျင်းပမီ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ရမယ်လို့ ဖော်ပြပါတယ်။
စစ်ကော်မရှင်က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့အတွက် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စစ်ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ထားတာပါ။
ဒီအပေါ် စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘုံသဘောတူညီချက် ၅ ရပ်ဟာ အစည်းအဝေးအတွင်းကနေ အတည်ပြုထုတ်ပြန်ခဲ့တာ မဟုတ်ဘဲ အစည်းအဝေးပြီးမှသာ ကြေညာတဲ့ ထုတ်ပြန်ချက်ဖြစ်လို့ တတ်နိုင်သလောက် လိုက်နာခဲ့တယ်လို့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ တုံ့ပြန်ခဲ့ပါတယ်။
အာဏာသိမ်းမှု အစောပိုင်းကာလ ၂၀၂၁ ခုနှစ် ဧပြီမှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး မြန်မာ့အရေး ဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့တာပါ။
ဒါပေမယ့် ဒီကနေ့အချိန်အထိ အဲဒီဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကော်မရှင်က လက်တွေ့ အကောင်အထည်ဖော်ခြင်း မရှိခဲ့သလို အာဆီယံဘက်ကလည်း ပြတ်သားတဲ့ အရေးယူမှု တစ်စုံတစ်ရာ မချမှတ်နိုင်ခဲ့ပါဘူး။
နိုင်အဲမွန်ကတော့ အာဆီယံအနေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးတာဟာ စစ်ကော်မရှင်ကို နိုင်ငံရေးအရ ဖိအားပေးရာရောက်တယ်လို့ သုံးသပ်ပါတယ်။
“အာဆီယံရဲ့ နောက်တစ်ခု ဖိအားပေးနိုင်တကာက စစ်ကော်မရှင်နဲ့ မဟုတ်ဘဲ သူ့ရဲ့ နိုင်ငံရေးအရ သူ့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ခုခံတွန်းလှန်နေတဲ့ အဖွဲ့အစည်းတွေ ဥပမာ NUG NUCC တို့ နောက်တစ်ခုက EROs နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်တွေ့ပြီးတော့ ဆွေးနွေးရေးတွေလုပ်ပြီး နေရာပေးတာတွေ ဖြစ်ဖြစ် အရေးတယူ ကူးလူးဆက်ဆံတာဖြစ်ဖြစ် လုပ်လိုက်ခြင်းအားဖြင့် တဘက်ကလည်း နိုင်ငံရေးအရ စစ်ကော်မရှင်ကို ဖိအားပေးရာ သက်ရောက်ပါတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာမှုအကူအညီပေးရေးမှာ မြေပြင်က အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ကူညီပေးမယ်ဆိုရင် စစ်ကော်မရှင်ရဲ့ တရားဝင်မှုကို ငြင်းပယ်လို့ ရနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
ဘုံသဘောတူညီချက်ထဲမှာတော့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေး နွေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ASEAN

