မော်လမြိုင် ၊ နိုဝင်ဘာ ၂၆
မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ် ဒေသခံတွေကြား ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် ပြည်နယ်စစ်ကော်မရှင်ကတော့ ဆက်လက် ဖြိုချခွင့်ပြုထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်နယ်စစ်ကော်မရှင်ဟာ တောင်ဝိုင်းတောင်ကို ဖြိုချပြီး ရရှိလာတဲ့ မြေသားနဲ့ ကျောက်တွေကို သူတို့ ဖော်ဆောင်နေတဲ့ လှိုင်တိုးချဲ့ မြို့သစ် စီမံကိန်းနဲ့ မုဒုံမြို့အနီးက လေဆိပ်သစ် စီမံကိန်းရဲ့ မြေဖို့ လုပ်ငန်းတွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။
တောင်ဝိုင်းတောင်ကို နေ့စဉ် စက်ယန္တရားကြီးတွေ အများအပြား အသုံးပြုပြီး တစ်ရက်လျှင် ကားကြီးတွေနဲ့ အခေါက်ရေ ရာနဲ့ချီ သယ်ဆောင်နေတာကြောင့် တောင်ဝိုင်းတောင်ပျက်စီးမှာကို ဒေသခံတွေ စိုးရိမ်မှု မြင့်တက်နေတာ ဖြစ်ပါတယ်။
တောင်ဝိုင်းတောင်အနီး နေထိုင်သူတစ်ဦးကတော့ တောင်ဝိုင်းတောင်တဝိုက် မြေတူးတာတွေကို ဆက်လက်ခွင့်ပြုထားတာကြောင့် တောင်မြေပြိုမှု အန္တရာယ်နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သိမ်ကျောင်း ဘုန်းကြီးကျောင်းဘေးနားမှာ တူးနေတာ ရှိတယ်။ နောက်ပြီးတော့ အဲဒီသိမ်းကျောင်းကနေ ဒီဘက် ထွက်လာ ခြောက်မိုင်ဘက်ထွက်တဲ့ လမ်းတစ်ခု ရှိတယ်။ အဲဒီ လမ်းက ထွက်သွားလို့ ရှိရင် အဲဒီဘေးမှာ တစ်ခု ရှိတယ်။ အဓိက အန္တရာယ် ရှိတာက အခု တူးတဲ့ နားမှာတော့ အကွက်တွေ ရိုက်ထားတာတော့ တွေ့တယ်။ အိမ်တော့ ဆောက်ထားတာတော့ မရှိသေးဘူး၊ ရေတွေ ဘာတွေ ထိခိုက်တယ်၊ သဘာဝ ပတ်ဝန်းကျင် ပြုန်းတီးတာပေါ့ဗျာ”လို့ ဆိုပါတယ်။
အခုလို တောင်ဖြို မြေတူးမှုတွေကြောင့် ရေရှားပါးမှု ပြဿနာကို နှစ်စဉ် ကြုံတွေ ရတဲ့အပြင် တောင်ပြိုမှုတွေလည်း ရှိတာကြောင့် အနီးအနားမှာ နေထိုင်သူတွေအတွက် စိုးရိမ်စရာ အခြေအနေနဲ့ ကြုံတွေ့ နေရတယ်လို့ သူက ဆက်ပြောပါတယ်။
မော်လမြိုင်မြို့ခံ တစ်ဦးကလည်း ပြည်သူတွေ ဝေဖန်မှုတွေ ရှိနေပေမယ့် တောင်မြေဖြိုမှု ဆက် လက်လုပ်နေတာဟာ အာဏာရှိတိုင်း လုပ်ချင်တိုင်း လုပ်နေကြတယ်လို့ ဝေဖန်ပါတယ်။
“ဒါက အမှန်တကယ်က တကယ့်နိုင်ငံကြီးသားပဲ ဖြစ်ဖြစ် နိုင်ငံကို ချစ်တဲ့သူပဲ ဖြစ်ဖြစ် ကိုယ်ကျိုးမဖက်ဘဲ စဉ်စားဆိုရင် ဒါက အများပြည်သူပိုင်တဲ့ ပစ္စည်းတွေလေ။ နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်သလို ပြည်သူတွေ အားလုံးပိုင်တဲ့ ပစ္စည်းပဲ။ ဒါတွေကို သူတို့က ဘယ်သူ့ဘယ်ဝါကိုမှ အသက်ရှိတယ်လို့လည်း မထင်သလို ရှိတယ်လို့တောင် မအောင်းမေ့ဘူး။ အာဏာကို အလွဲသုံးစား လုပ်ပြီးတော့ ကိုယ်ဟာကို လုပ်ချင်တာ လုပ်နေကြတာ”လို့ ဆိုပါတယ်။
သံလွင်တိုင်းမ်က စုံစမ်းရရှိမှုအရ တောင်ဝိုင်းတောင် ဖြိုချဖို့ အတွက် ဘတ်ဟိုး လုပ်ငန်းရှင် အဖွဲ့ တစ်ခုကို ပြည်နယ် စစ်ကော်မရှင်က လုပ်ပိုင်ခွင့် ပေးထားပြီး ရရှိလာတဲ့ မြေသားနဲ့ ကျောက်တွေကိုတော့ မော်လမြိုင်ခရိုနီ ဦးမိုးကျော် ဦးဆောင်တဲ့ ကုမ္ပဏီက ပြန်လည် ဝယ်ယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို တောင်ဝိုင်းတောင် ဖြိုချမှုနဲ့ ပတ်သက်ပြီး ဒေသခံတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် ပြည်နယ် စစ်ကော်မရှင်ဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေတွေကို ပြည်သူတွေကို ရှင်းလင်းချပြတာ မရှိဘဲ ဆက်လက် လုပ်ကိုင်ခွင့် ပြုနေတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကတော့ ပြည်နယ် စစ်ကော်မရှင် လက်အောက်ခံ ဌာနပေါင်းစုံ ပါဝင်တဲ့ အဖွဲ့က တောင်ဝိုင်းတောင် ဖြိုချမှုနဲ့ ပတ်သက်ပြီး ဟန်ပြလောက်သာ စစ်ဆေးမှု ရှိပေမယ့် ဘာမှ ထူး ခြားတာ မရှိဘူးလို့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

