ဖနွမ်းပင်၊ နိုဝင်ဘာ ၁၃
ငြိမ်းချမ်းရေး သဘောတူညီမှု အကောင်အထည်ဖော်မှုကို ဘန်ကောက်အစိုးရက ဆိုင်းငံ့ထားလိုက်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ ရန်လို တိုက်ခိုက်မှုတွေအတွင်း လူတစ်ဦး သေဆုံးကြောင်း ဖနွမ်းပင်အစိုးရရဲ့ ပြောဆိုမှုနဲ့အတူ နှစ်နိုင်ငံနယ်စပ်တလျှောက် တိုက်ပွဲအသစ်တွေ ဖော်ဆောင်နေတယ်လို့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က နိုဝင်ဘာ ၁၂ ရက်မှာ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ထောက်ခံတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု အသက်ဝင်မလာခင် အခုနှစ် ဇူလိုင်လက ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ၅ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း လူ ၄၃ ဦး သေဆုံးပြီး ၃ သိန်းကျော် စစ်ဘေးရှောင်ခဲ့ရပါတယ်။

ဒါပေမဲ့ နယ်စပ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဆာကေအို ပြည်နယ်နဲ့ ကမ္ဘောဒီးယားနိုင်ငံ ဘန်တွေး မီယန်ချေးပြည်နယ်ကြား သဘောတူညီမှု အကောင်အထည်ဖော်မှုကို ထိုင်းက နိုဝင်ဘာ ၁၀ ရက်မှာဆိုင်းငံ့ထားခဲ့ပါတယ်။
နောက်နှစ်ရက်အကြာမှာတော့ နယ်စပ်တလျှောက် သေနတ် ပစ်ခတ်မှုတွေ ရှိတယ်လို့ နှစ်နိုင်ငံစလုံးရဲ့ အရာရှိတွေက ပြောပါတယ်။
အရပ်သား သုံးဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး သေဆုံးတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောထားပါတယ်။

ဒီလုပ်ရပ်က လူသားချင်းစာနာထောက်ထားရေး သဘောထားနဲ့ နယ်စပ်ကိစ္စတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး မကြာသေးခင်က သဘောတူညီမှုကို ဆန့်ကျင်ပြီး လုပ်ဆောင်တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်မာနတ်က ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးပါတယ်။
ဒါပေမဲ့ ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေက ထိုင်းနယ်မြေထဲကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းတော်ဝင်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်း ဆူဗာရီက အပြစ်တင်ထားပါတယ်။
ထိုင်းစစ်သားတွေက အကာအကွယ်ယူပြီး တုံ့ပြန်တဲ့အနေနဲ့ သတိပေး ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။
နှစ်ဖက် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ၁၀ မိနစ်လောက် ကြာပြီး ထိုင်းဖက်က ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
ခြေထောက်တစ်ဖက် သွေးထွက်နေသူ တစ်ယောက်ကို လူနာတင်ယာဉ်ပေါ်မှာ ဆေးကုသပေးနေပုံ အပါအဝင် ကမ္ဘောဒီးယားက ဒဏ်ရာရ အရပ်သားတွေရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယား ရွာသားတွေရဲ့ ပြောကြားချက်အရ ထိုင်းဖက်က ပစ်ခတ်မှု အများအပြား ပြုလုပ်ခဲ့ပြီး ရွာသားတွေ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
ပြင်သစ်က ကမ္ဘောဒီးယားကို သိမ်းပိုက်ချိန်မှာ ရေးဆွဲထားခဲ့တဲ့ နယ်စပ်စည်းကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်စပ် ပြဿနာဟာ ရာစုနှစ်နဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ မြေပြင် စစ်သားတွေ အသုံးပြုပြီး နှစ်ဖက် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
မလေးရှား ဝန်ကြီးချုပ်၊ တရုတ် သံတမန်တွေနဲ့ ဒေါ်နယ် ထရန့်တို့ ကြားဝင် စေ့စပ်ပြီးနောက်မှာ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် ဇူလိုင် ၂၉ ရက်မှာ စတင်ခဲ့ပါတယ်။
နယ်စပ်ရှိ လက်နက်ကြီးတွေ ပြန်လည် ရုတ်သိမ်းရေးနဲ့ အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေး အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေချိန်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတွေ ဒဏ်ရာရရှိပြီးနောက် တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Ref:AFP

