ဒိုက်ဦး၊ နိုဝင်ဘာ ၁၃
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦး အကြောင်းမဲ့ တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် PPNM ထံက သိရပါတယ်။
ဒိုက်ဦးထောင်ရဲ့ အမျိုးသမီးအဆောင် ၆ အပေါ်ထပ် အခန်း ၄ မှာ ပုဒ်မ ၅၂ (က)နဲ့ မတရားအကျဉ်းချခံထားတဲ့ နိုင်ငံရေးအကျဉ်းသူ မမေသူနိုင်ကို အမျိုးသမီးအဆောင် အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ ဦးစီးမှူး ဒေါ်ဇင်မာကြည်အောင်က အကြောင်းမဲ့ တိုက်ပိတ်ခဲ့တာပါ။
တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ မမေသူနိုင်ကို မနက်ပိုင်း ဘုရားရှိခိုးချိန်မှာ အိပ်နေတယ်ဆိုတဲ့ အကြောင်းပြနဲ့ ဝန်ထမ်းအင်အားသုံးကာ အဆောင်အတွင်းမှ ခေါ်ဆောင်ခဲ့ကာ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့တယ်လို့ PPNM က ဆိုပါတယ်။
မမေသူနိုင်ဟာ နေမကောင်းဖြစ်နေသူတစ်ဦးဖြစ်ကာ မနက် ၅ နာရီ ဘုရားရှိခိုးချိန်မှာ မထနိုင်တာကြောင့် လဲလျောင်းနေခဲ့ကာ အမျိုးသမီးအဆောင် ဦးစီးမှူး ဒေါ်ဇင်မာကြည်အောင်က အဲဒီအိပ်စက်မှုဟာ စည်းကမ်းဖောက်ဖျက်ခြင်းသာ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မနက် ၁၁ နာရီဝန်းကျင်မှာ အင်းအားသုံးပြီး တိုက်ပိတ်ပြစ်ဒဏ် ပေးခဲ့တာ ဖြစ်ပါတယ်။
PPNM ရဲ့ အချက်အလက်တွေအရ ဒေါ်ဇင်မာကြည်အောင် တာဝန်ယူထားတဲ့ ကာလအတွင်း ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူ အနည်းဆုံး ၃၀ ဦးထက်မနည်း ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခံရတာနဲ့ ရိုက်နှက်မှုတွေကို ခံခဲ့ရတဲ့အပြင် ဥပဒေမဲ့ တိုက်ပိတ်ပြစ်ဒဏ်တွေပါ ခံခဲ့ရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

