မြဝတီ၊ နိုဝင်ဘာ ၁၁
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ တရားမဝင် ဖွင့်လှစ်ထားတဲ့ ကုန်သွယ်ရေးဂိတ်တွေနဲ့ အဆောက်အဦးတွေကို ဖျက်ဆီးရှင်းလင်းမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်လာပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကော်မရှင်အဖွဲ့ဟာ မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ရှိ ၃၅ ဂိတ်ကို သွားရောက်စစ်ဆေးခဲ့ပြီး ပစ္စည်းသိုလှောင်ရုံတွေကို ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြဝတီမြို့ သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာ တရားမဝင်ဖွင့်လှစ်ပြီး ကုန်သွယ်နေတဲ့ နယ်စပ်ဂိတ် ၃၀ မှာရှိတဲ့ ကုန်ပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင်တွေ လှေဆိပ်ကင်းတဲတွေ အစောင့်တဲတွေ လှေဆိပ်အဆင်း အုတ်လှေကားတွေ ကုန်တင်ကုန်ချလျှောလမ်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကစပြီး စစ်ဆေးဖျက်ဆီးရှင်းလင်းတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ ၁၉ ဂိတ် ကပေါ်ထူးဂိတ် ကျောက်ဖျာဂိတ် ၁၃ ဂိတ် ၈ ဂိတ် ၉ ဂိတ် ၁၈ ဂိတ်၁၂ ဂိတ်ကင်းစခန်း ၁၄ ဂိတ်ကင်းစခန်း အစရှိတဲ့ တရားမဝင်နယ်စပ်ဂိတ်နဲ့ ကင်းစခန်း စုစုပေါင်း ၁၈ ခုကို စစ်ဆေးရှင်းလင်းဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်ကော်မရှင်က သွားရောက်စစ်ဆေး ရှင်းလင်းဖျက်ဆီးခဲ့တဲ့ တရားမဝင်နယ်စပ်ဂိတ်တွေနဲ့ ကင်းစခန်းတွေဟာ အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA နဲ့ ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့တို့ ပိုင်ဆိုင်တဲ့ ဂိတ်စခန်းတွေဖြစ်ကြတယ်လို့ မြဝတီသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ဒီလို စစ်ကော်မရှင်က သွားရောက်စစ်ဆေး ရှင်းလင်းဖျက်ဆီးမှုတွေ ဆောင်ရွက်တာဟာ ဟန်ပြသက်သက်သာဖြစ်ပြီး နယ်စပ်တစ်လျှောက်မှာရှိတဲ့ ကုန်သွယ်ရေးဂိတ်တွေမှာ ကုန်စည်ကူးသန်းမှုတွေ ဆက်ရှိနေဆဲဖြစ်သလို နယ်စပ်အနီးက BGF ဖွင့်လှစ်ထားတဲ့ ကာစီနိုလောင်းကစားရုံတွေနဲ့ KTV လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေဆဲဖြစ်တယ်လို့ မြဝတီသတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကော်မရှင်တပ်က ကရင်အဖွဲ့အစည်း ၃ ဖွဲ့ဖြစ်တဲ့ BGF DKBA KNU/KNLA PC ပိုင်တဲ့ နယ်စပ်ဂိတ်တွေကို ဝင်ရောက်ရှင်းလင်းဖျက်ဆီးခဲ့သလို BGF ထိန်းချုပ်ထားတဲ့ မြဝတီတောင်ဘက်က နာမည်ကျော် KK Park ကျားဖြန့်ဝင်းထဲက အဆောက်အဦးစုစုပေါင်း ၁၀၀ ကျော်ကိုလည်း ဖြိုချဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့ကို ပြီးခဲ့တဲ့စက်တင်ဘာက အလုံးစုံပြန်လည်ထိန်းချုပ်နေရာယူထားလိုက်တဲ့နောက် ကရင်လက်နက်ကိုင်အဖွဲ့တွေအပေါ် အသွားအလာကန့်သတ်လာတာနဲ့ မြဝတီမြို့ပေါ်က နေရာအချို့ကနေ ဖယ်ရှားတာတွေ လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

