မော်လမြိုင် ၊ နိုဝင်ဘာ ၁၁
စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို မယုံကြည်သူ ၉၈ ရာခိုင်နှုန်းရှိတယ်လို့ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) ရဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ကနေ ကောက်ယူတဲ့ စစ်တမ်းတွေက ဖော်ပြပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူ့သဘောထားတွေကို သိရှိဖို့ စစ်တမ်းတစ်ရပ်ကို အောက်တိုဘာ ၂၇ ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ အွန်လိုင်းအပြင် ယုံကြည်ရတဲ့ ဒေသတွင်း Volunteers တွေကတဆင့် ကွင်းဆင်းကောက်ယူခဲ့တာပါ။
စစ်တမ်းရဲ့ တွေ့ရှိချက် ရလဒ်အရ ၂၀၂၅ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ ယုံကြည်သူ ၉၈ ရာခိုင်နှုန်းရှိသလို ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ယုံကြည်သူ ၉၈ ရာခိုင်နှုန်းရှိနေတာပါ။
ဒါ့အပြင် အဲဒီ ရွေးကောက်ပွဲကို မဲပေးမှာ မဟုတ်ဘူးလို့ ဖြေဆိုသူ ၉၆ ရာခိုင်နှုန်းရှိပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပေါ် လက်မခံသူ ၉၉ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ စစ်တမ်းတွေ့ရှိချက်မှာ ဖော်ပြပါတယ်။
လေ့လာသူတွေကတော့ စစ်တမ်းအရ မြန်မာပြည်သူတွေအနေနဲ့ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ယုံကြည်မှု မရှိတာ၊ ဆန့်ကျင်နေကြတယ်ဆိုတာ ပေါ်လွင်တယ်လို့ ထောက်ပြကြပါတယ်။
ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ပြောခွင့်ရ နိုင်ပီတာက ဒီစစ်တမ်းအရ လူထုရဲ့ သဘော ထားကို ပြသနေတဲ့အတွက် နိုင်ငံတကာက အသိအမှတ်မပြုတဲ့ အခြေအနေမျိုး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို သွယ်ဝိုက်တဲ့ နည်းအားဖြင့် ထောက်ခံဖို့ ဒါမှမဟုတ် အသိအမှတ်ပြုဖို့ စဉ်းစားနေတဲ့ နိုင်ငံတွေအတွက်လည်း ပြည်သူလူထုရဲ့ အမြင်သဘောထားက ဘယ်လောက်အထိ ခိုင်မာမှုရှိတယ်ဆိုတာကို ပြသနေတဲ့ စစ်တမ်းမျိုး ဖြစ်တဲ့အခါကျတော့ ဒီအပေါ်မှာလည်း ပြန်ပြီး တွေးတောနိုင်ဖို့ အချက်အလက်တစ်ခု ဖြစ်စေပါလိမ့်မယ်။ ဒီကတဆင့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ နိုင်ငံတကာက အသိအမှတ်မပြုတဲ့ လှုပ်ရှားမှုမျိုးလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးလို့ ပြောလို့ရပါတယ်”လို့ ဆိုပါတယ်။
ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့လည်း စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေဘက်က ဆန့်ကျင်မှု မလိုလားမှုတွေကို မျက်ဝါးထင်ထင် မြင်စေဖို့ သက်သေသာဓကတစ်ခုလို့ သူက မှတ်ချက်ပြုပါတယ်။
စစ်တမ်းရဲ့ ရည်ရွယ်ချက်ကတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေရဲ့ သဘောထား၊ အမြင်နဲ့ ယုံကြည်ချက်တွေကို စုဆောင်းသုံးသပ်ဖို့ ပြုလုပ်ထားတာပါ။
အဲဒီ စစ်တမ်းကို ဝင်ရောက်ဖြေဆိုသူ ၃၆၆၃ ဦး ရှိတဲ့ထဲက ၈၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြသူတွေဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်း ဟာ ပြည်ပနိုင်ငံတွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။
ဒေသအလိုက် ပါဝင်ဖြေဆိုကြတဲ့ ၂၇၁ မြို့နယ်ထဲမှာ စစ်ကိုင်းတိုင်းက ၂၉ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းက ၁၆ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်နဲ့ နေပြည်တော်တို့ကတော့ အနည်းဆုံး ပါဝင်ပါတယ်။
ဒါ့အပြင် စစ်တမ်းဖြေဆိုသူတွေထဲမှာ ၅၁ ရာခိုင်နှုန်းဟာ မြို့ပြဒေသမှာ နေထိုင်သူတွေဖြစ်ပြီး ၂၄ ရာခိုင်နှုန်းမှာ မူလနေရာကနေ ပြောင်းရွှေ့နေထိုင်သူတွေဖြစ်တယ်လို့ ပြည်သူ့လှုပ်ရှားမှုပလက် ဖောင်းရဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ကနေ သိရပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်က ကြေညာထားတဲ့အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်နေပြီး ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကလည်း မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်နေကြတာပါ။
ဒါပေမယ့် ရွေးကောက်ပွဲအပေါ် ပြည်တွင်းနဲ့ ပြည်ပက မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ စိတ် ဝင်စားမှု မရရှိသလို နိုင်ငံတကာက အဖွဲ့အစည်းတချိုနဲ့ အစိုးရတချို့ကလည်း အလားတူ မထောက်ခံကြဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယအပါအဝင် ဘယ်လာရုစ် စတဲ့ နိုင်ငံတွေလောက်ပဲ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံကြောင်း ထုတ်ပြောထားပေမယ့် အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေကတော့ မထောက်ခံခဲ့ကြပါဘူး။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က လူထုရဲ့ Mandate မရဘဲ ရွေးကောက်ပွဲကနေ အစိုးရတစ်ရပ် ပေါ်ပေါက်လာရင်တောင်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါ အကန့်အသတ်တွေ အများကြီး ကြုံရမယ်လို့ သုံးသပ်ပါတယ်။
“တကယ်တမ်းကျတော့ နိုင်ငံရေးဖြစ်စဉ်တစ်ခုကို ဖြတ်သန်းတဲ့အခါမှာ လူထုရဲ့ Mandate (အမိန့်အာဏာ) မရဘူးဆိုရင် Legitimacy (နိုင်ငံရေးတရားဝင်မှု) လည်း ရှိမှာ မဟုတ်ဘူး။အဲဒီတော့ သူတို့ သွားနေတဲ့ ရွေးကောက်ပွဲပြီးသွားရင်လည်း နောက်ပေါ်လာမယ့် အရပ်သားအစိုးရအနေနဲ့ ဒီနိုင်ငံရေးလှုပ်ရှားမှု နိုင်ငံရေးလုပ်ဆောင်မှုတွေ လုပ်တဲ့အခါမှာ အကန့်အသတ်အခက်အခဲ အများကြီး ကြုံရမှာပဲ။ ဆိုတော့ နိုင်ငံတကာကလည်း ဒီအခြေအနေတွေကို ကြားလာရင် သိလာရင် ဒီထက်ပိုပြီးတော့ ကန့်ကွက်လာနိုင်တယ်၊ ဆန့်ကျင်လာနိုင်တယ်”လို့ ဆိုပါတယ်။
စစ်ကော်မရှင်ကတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ နိုင်ငံတဝန်းရှိ ၁၀၂ မြို့နယ်မှာ အပိုင်း ၁ အထွေထွေရွေးကောက်ပွဲကျင်းပပြီး နောက်နှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာတော့ အပိုင်း ၂ ကို မြို့နယ် ၁၀၀ မှာ ပြုလုပ်ဖို့ ကြေညာထားပြီး ဖြစ်ပါတယ်။
စစ်ဗိုလ်အရာရှိတွေကိုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အမိန့်ညွန်ကြားချက်နဲ့ အငြိမ်းစားပေးပြီး စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ တစညပါတီတို့ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ရှိနေတာပါ။
ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေ အပါအဝင် သက်ဆိုင်ရာဌာနအလိုက် ပြည်ထောင်စုဝန်ကြီးတွေ အများစုကလည်း ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။
လေ့လာသူတွေကတော့ ရွေးကောက်ပွဲအကြိုကာလတစ်ခုတည်း မဟုတ်ဘဲ ကာလသုံးရပ်စလုံးမှာ စစ်တစ်ပိုင်း အစိုးရလုပ်တဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေကို လူထုဆန္ဒမပါဝင်ကြောင်း နိုင်ငံတကာ သိအောင် ဆက်လက်ထုတ်ဖော်သင့်တယ်လို့ အကြုံပြုကြပါတယ်။
ဒါမှသာ စစ်ကော်မရှင်ကို နိုင်ငံရေးအရ ထောက်ခံမှုတွေ လျော့ကျလာမှာဖြစ်ပြီး ပြည်သူထောက်ခံတဲ့ အစိုးရဖြစ်မှသာ နိုင်ငံရေးအကျပ်အတည်းတွေ နိုင်ငံရေးဖြစ်စဉ်တွေကို ဖြေရှင်းလုပ်ဆောင်နိုင်မယ်လို့ ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

