ဘန်ကောက်၊ နိုဝင်ဘာ ၁၁
နယ်စပ်အငြင်းပွားမှုနဲ့ ပတ်သက်လို့ အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် အကောင်အထည်ဖော်မှုကို ဆိုင်းငံ့ထားလိုက်ကြောင်း ထိုင်းအစိုးရက ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ရှေ့မှောက် အဲဒီ သဘောတူညီမှုကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် သီတင်းနှစ်ပတ်အကြာ နှစ်နိုင်ငံ နယ်စပ်အနီး မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတွေ ဒဏ်ရာရရှိပြီးနောက် ထိုင်းအစိုးရရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဇူလိုင်လက လူ ၄၀ ကျော် သေဆုံးခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေအပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးဖို့ မျှော်လင့်ထားတဲ့ အဲဒီသဘောတူညီမှုအတွက် ကတိထားဆဲ ဖြစ်တယ်လို့ ကမ္ဘောဒီးယားက ပြောပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီမှုလို့ ခေါ်ဆိုဖို့ ထိုင်းက ငြင်းဆိုခဲ့တဲ့ အဲဒီ သဘောတူညီမှုကို အောက်တိုဘာလက မလေးရှားမှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုဝင်ဘာ ၁၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ် အနုတင်က ထိုင်းကာကွယ်ရေး အကြီးအကဲတွေရဲ့ အဲဒီဆုံးဖြတ်ချက်ကို ထောက်ခံပြီး လုံခြုံရေးအန္တရာယ် အမှန်တကယ် လျော့ပါးမသွားဘူးလို့ ပြောပါတယ်။
ကမ္ဘောဒီးယားနယ်စပ်အနီး ကင်းလှည့်နေတဲ့ ထိုင်းစစ်သားတွေ မိုင်းနင်းမိပြီး ထိခိုက်ခဲ့ကြောင်း စစ်သား တစ်ဦး ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း Bangkok Post က ဖော်ပြပါတယ်။
ဒဏ်ရာရထားတဲ့ စစ်သားတွေဆီ နိုဝင်ဘာ ၁၁ ရက် ဒီနေ့မှာ သွားရောက် တွေ့ဆုံဖို့ ရှိကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောထားပါတယ်။
ကမ္ဘောဒီးယားကို ပြင်သစ်က သိမ်းပိုက်ပြီးနောက် ရေးဆွဲခဲ့တဲ့ နယ်စပ်စည်းအရ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား အငြင်းပွားမှုဟာ ရာစုနှစ်တစ်စုကြာ သက်တမ်း ရှိနေပြီ ဖြစ်ပါတယ်။
အဲဒီ အငြင်းပွားမှုကြောင့် နှစ်များစွာကြာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ဆုံး တိုက်တိုက်မှုတွေအတွင်း လူ ၃ သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ရက်ပိုင်းအတွင်း နှစ်ဖက် အပစ်အခတ်ရပ်စဲခဲ့ကြပြီး ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့ရဲ့ ပူးတွဲကြေညာချက်လို့ ခေါ်တဲ့ သဘောတူညီမှုကို မလေးရှားနိုင်ငံမှာ အောက်တိုဘာလက လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
အငြင်းပွားနေတဲ့ နယ်စပ်ဒေသမှာ ချထားတဲ့ လက်နက်ကြီးတွေကို ပြန်ရုတ်သိမ်းဖို့ နှစ်နိုင်ငံစလုံးက သဘောတူပြီး စောင့်ကြည့်ဖို့အတွက် ယာယီအဖွဲ့ ဖွဲ့စည်းဖို့လည်း သဘောတူညီခဲ့ကြပါတယ်။
နောက်တစ်ဆင့်မှာတော့ ထိုင်းက ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးဖို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။
နှစ်နိုင်ငံနယ်စပ် အငြင်းပွားမှုကို ကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာ ထုတ်ပယ်ခံခဲ့ရပြီး ထိုင်းနိုင်ငံမှာ ရှိတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမား အများအပြားလည်း မိခင်နိုင်ငံသို့ ပြန်သွားခဲ့ကြပါတယ်။
Ref:BBC

