ကျုံဒိုး၊ နိုဝင်ဘာ ၈
ကျားဖြန့်လုပ်ငန်းကနေ စွန့်ခွာလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်း လက်ခံခေါ်ယူထားတာတွေ မပြုလုပ်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ကျုံဒိုးမြို့နယ်က နိုဝင်ဘာ ၅ ရက်နေ့ ရက်စွဲနဲ့ အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
စစ်ကော်မရှင်အဖွဲ့ဟာ စစ်တပ်ကိုအားပြုပြီး တရားဝင်မှုရရှိရေးအတွက် အကြမ်းဖက်မှုမျိုးစုံကို KNU ကျုံဒိုးမြို့နယ်မှာ ပြုလုပ်နေသလို မိမိတို့ KNU ကျုံဒိုးမြို့နယ်ကလည်း ခုခံတော်လှန်လျက်ရှိနေပြီး ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေးအတွက် ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြါတယ်။
လက်ရှိကာလမှာ စစ်ရေးတင်းမာမှုတွေ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကော်ရှင်တပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ကျူးလွန်လျက်ရှိနေတဲ့အတွက် မိမိတို့ KNU ကျုံဒိုးမြို့နယ်ဟာ ရှုပ်ထွေးတဲ့ စိန်ခေါ်မှုမျိုးစုံကို ကိုင်တွယ်ဖြေရှင်းနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ သူတို့ကိုယ်တိုင်ပါဝင်လုပ်ဆောင်လျက်ရှိတဲ့ နယ်စပ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ လောင်းကစားလုပ်ငန်းတွေကို ဟန်ပြနှိမ်နင်းရေးလုပ်ငန်းတွေ လုပ်ဆောင်လျက်ရှိနေသလို အဲဒီလုပ်ငန်းတွေကနေ စွန့်ခွာလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ပုံစံအမျိုးမျိုးနဲ့ နေရာရွှေ့ပြောင်းပေးနေမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် KNU ကျုံဒိုးမြို့နယ်အတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ည ၈ နာရီကနေ မနက် ၆ နာရီအတွင်း ခရီးသွားလာမှုမပြုလုပ်ဖို့၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ စွန့်ခွာလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာ၊ လက်ခံခေါ်ယူထားတာတွေ မပြုလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။
ကျုံဒိုးမြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းနဲ့ နယ်မြေမတည်ငြိမ်မှုအခြေ အနေတွေကို အခွင့်ကောင်းယူပြီး မည်သည့်လောင်းကစားလုပ်ငန်းတွေကိုမဆို ဖွင့်လှစ်တာကို မပြုလုပ်ဖို့လည်း အမိန့်ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်နဲ့ အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်သူလူထုတွေ မိမိကိုယ်ကို သတိဝီရီယနဲ့ ကာကွယ်နိုင်ရေးအတွက် မိမိတို့နေထိုင်ရာ အိမ်မှာ ဘေးကင်းလုံခြုံရေးကိုရည်ရွယ်ပြီး ဗုံးခိုကျင်းတွေ မဖြစ်မနေထားရှိဖို့ KNU ကျုံဒိုးမြို့နယ် အမိန့်ထုတ်ထားပါတယ်။
KNU ကျုံဒိုးမြို့နယ်က ထုတ်ပြန်ထားတဲ့ ဒေသန္တရစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိပါက KNU ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ အရေးယူခြင်းခံရမယ်လို့ အရေးပေါ်ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြအသိပေးထားပါတယ်။
ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် KK Park မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလအလယ်ပိုင်းကစကာ စစ်ကော်မရှင်တပ်က ကရင်နယ် ခြားစောင့်တပ် BGF နဲ့ ပူးပေါင်းပြီး ဟန်ပြနှိမ်နင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေခဲ့ရာ အဲဒီလုပ်ငန်းခွင့်တွေထဲကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားတွေ အများအပြားဟာ ထိုင်းဘက်ခြမ်းကို ထွက် ပြေးသွားသလို ပြည်တွင်းဘက်ကိုလည်း ရွှေ့ပြောင်းစွန့်ခွာတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

