တီဟီရန်၊ နိုဝင်ဘာ ၄

အီရန်နိုင်ငံမှာ သမိုင်းဝင် မိုးခေါင်ရေရှား ဖြစ်မှုကြောင့် မြို့တော် တီဟီရန် ဒေသခံတွေအတွက် အဓိက သောက်ရေအရင်းအမြစ်ဟာ လာမယ့် သီတင်းနှစ်ပတ်အတွင်း ကုန်ခမ်းတော့မှာ ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

တီဟီရန်မြို့အတွက် သောက်ရေပေးနေတဲ့ ဆည် ၅ ခုထဲက တစ်ခု ဖြစ်တဲ့ အမာ ခါဘာဆည်ဟာ သီတင်းနှစ်ပတ်အတွင်း ရေခမ်းခြောက်သွားနိုင်တဲ့ အန္တရာယ်ရှိနေပြီး စုစုပေါင်း ဝင်ဆံ့ပမာဏရဲ့ ၈ ရာခိုင်နှုန်းလောက်ပဲ ကျန်ရှိတော့တယ်လို့ မြို့တော် ရေပေးဝေရေး ကုမ္ပဏီ ညွှန်ကြားရေးမှူး ဘီဇက် ပါဆာကို ကိုးကားပြီး IRNA သတင်းဌာနက ဖော်ပြပါတယ်။

လက်ရှိ ရေပမာဏအတိုင်းဆိုရင် တီဟီရန်မြို့ကို နောက်ထပ် သီတင်းနှစ်ပတ်ပဲ ရေပေးဝေနိုင်တော့မှာ ဖြစ်တယ်လို့ သူက သတိပေးထားပါတယ်။

အီရန်မှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှား ဖြစ်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တီဟီရန်နဲ့အနီးတဝိုက် ဒေသမှာ မိုးရွာသွန်းမှု အတိုင်းအတာက ရာစုနှစ်တစ်စုအတွင်း မကြုံစဖူး အခြေအနေ ဖြစ်နေတယ်လို့ ဒေသဆိုင်ရာ အရာရှိ တစ်ဦးက ပြီးခဲ့တဲ့လမှာ ပြောကြားထားပါတယ်။

အီရန်သမ္မတကလည်း မိမိတို့ရဲ့ မြို့တော် တီဟီရန်ကို မကြာခင် ပြောင်းရွှေ့ဖို့ လိုနေပြီ ဖြစ်ကြောင်း သတိပေးထားပါတယ်။

အမာ ခါဘာဆည်မှာ ရှိတဲ့ ရေတွေဟာ နှစ်ပတ်အတွင်း ကုန်ခမ်းတော့မယ်လို့ ဆိုပေမယ့် တခြား ဆည်တွေရဲ့ အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လူဦးရေ ၁၀ သန်းကျော်ရှိတဲ့ မီဂါစီးတီး တီဟီရန်အတွက် တစ်နေ့ကို သောက်ရေ ကုဗမီတာ သုံးသန်း ပေးဝေနေရကြောင်း အီရန်မီဒီယာတွေက ဖော်ပြပါတယ်။

ရေချွေတာရေး စီစဉ်မှုအနေနဲ့ ဒေသတွေ အများကြီးကို ရေအလှည့်ကျ ပေးဝေနေပြီး နွေရာသီမှာ ရေပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

တီဟီရန်မှာ အပူချိန် မြင့်တက်နေချိန် ရေနဲ့စွမ်းအင် ချွေတာရေး ဇူလိုင်လနဲ့ သြဂုတ်လ အတွင်း အများပြည်သူ အားလပ်ရက်တွေအဖြစ် သတ်မှတ်ကြေညာတာတွေ လုပ်ဆောင်ခဲ့ရပြီး နေ့တိုင်းနီးပါး လျှပ်စစ်မီး ပြတ်တောက်မှုတွေလည်း ရှိနေပါတယ်။

အီရန်ရဲ့ အိမ်နီးချင်း အီရတ်မှာလည်း ၁၉၉၃ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး မိုးခေါင်ရေရှား မှုနဲ့ ရင်ဆိုင်နေရပါတယ်။

မိုးရေချိန် နည်းပါးလွန်းပြီး မြစ်ညာပိုင်းမှာ အတားအဆီးတွေ ရှိနေတာကြောင့် ပါရှား ပင်လယ်ကွေ့ထဲ စီးဝင်နေတဲ့ တိုက်ဂရစ်နဲ့ယူဖရေးတီးစ် မြစ်တို့ရဲ့ ရေပမာဏ ၂၇ ရာခိုင်နှုန်းအထိ လျော့ကျနေကြောင်း သိရပါတယ်။
Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.