ဂျင်ပင်း၊ အောက်တိုဘာ ၃၀

တောင်ကိုရီးယားနိုင်ငံ ဂျင်ပင်းမြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က တရုတ်အပေါ် အခွန်လျှော့ချလိုက်ကြောင်းနဲ့ မြေရှားသတ္တုဆိုင်ရာ အတားအဆီးတွေ မရှိတော့ဘူးလို့ ကြေညာပါတယ်။

တရုတ်နဲ့အမေရိကန်တို့ များမကြာခင် ကုန်သွယ်ရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးနိုင်တော့မယ်လို့လည်း ထရန့်က ပြောပါတယ်။

အမေရိကန်က အခွန်တွေ လျှော့ချလိုက်တာဟာ တရုတ် အနိုင်ရတာ ဖြစ်ပေမယ့် ဘေဂျင်းရဲ့တုံ့ပြန်မှုကို သိရချိန်မှပဲ စူပါအင်အားကြီး နှစ်နိုင်ငံကြား အပေးအယူတွေကို သိရှိရမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်ရဲ့ မြေရှားသတ္တု အသုံးပြုနိုင်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စ ပြေလည်သွားပြီလို့ ထရန့်က ပြောပါတယ်။

တရုတ်ပိုင်ဆိုင်ထားတဲ့ လူမှုမီဒီယာ TikTok အပေါ် အမေရိကန်လုပ်ငန်း တစ်ခုခုသို့ ရောင်းချရေးနဲ့ ပတ်သက်တဲ့ နောက်ဆုံး သဘောတူညီမှုကိုလည်း မကြားသိရသေးဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီးနောက် ထရန့်ရဲ့ အခုလို ကြေညာချက်တွေကို နှစ်ဖက် ပြေလည်မှု ရရှိတယ်လို့ပဲ မှတ်ယူထားရမှာ ဖြစ်ပါတယ်။

တရုတ်က အမေရိကန် ပဲပိစပ်တွေကို ပြန်ဝယ်မယ်လို့ ပြောတာကြောင့် အမေရိကန် တောင်သူတွေ အရမ်း ဝမ်းသာရတော့မယ်လို့လည်း ထရန့်က ပြောပါတယ်။

ပဲပိစပ်အပြင် တခြား စိုက်ပျိုးရေး ထုတ်ကုန်တွေနဲ့ အလက်စကားက ထွက်ရှိနေတဲ့ စွမ်းအင်တွေကိုလည်း တရုတ်က ဝယ်ယူဦးမှာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

တရုတ်က မြေရှားသတ္တု တင်ပို့မှု ရပ်ဆိုင်းထားတာကို အဆုံးသတ်တော့မှာ ဖြစ်ပြီး ဖန်တနိုင်းမူးယစ် ဆေးပြဿနာ ဖြေရှင်းရေးလည်း အမေရိကန်ကို ကူညီပေးသွားမယ်လို့ သိရပါတယ်။

မိမိတို့ နှစ်နိုင်ငံကြား ကြီးမားတဲ့ အပြန်အလှန် လေးစားမှုရှိတယ်လို့လည်း ထရန့်က ပြောပါတယ်။

တောင်ကိုရီးယားမှာတွေ့ဆုံပြီး သမ္မတ ရှီက နှစ်နိုင်ငံစလုံးအနေနဲ့ အဓိက ကုန်သွယ်ရေး ပြဿနာတွေကို ဖြေရှင်းရေး ဘုံသဘောတူညီမှု ရရှိခဲ့တယ်လို့ ပြောကြားကြောင်း တရုတ် နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

ဘေဂျင်းက ပို့ကုန်ထိန်းချုပ်ရေး အစီအစဉ်တွေ ကြေညာထားပေမယ့် ထရန့်နဲ့ ဆွေးနွေးမှုပြီးနောက် အဲဒီ အစီအစဉ်တွေ အကောင်းအထည်ဖော်ရေး တစ်နှစ် ရပ်ဆိုင်းထားလိုက်ပြီလို့ ကြေညာပါတယ်။

ဒါပေမဲ့ ထရန့်နဲ့ ရှီကျင့်ဖျင်တို့ကြား ဘာသဘောတူညီမှု တစ်ခုမှ လက်မှတ်ရေးထိုးခဲ့တာ မရှိပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.