လန်ဒန်၊ အောက်တိုဘာ ၂၅
စစ်ပွဲ အဆုံးသတ်စေရေး ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ဖိအားပေးဖို့ ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘာ့ဈေးကွက်မှာ ရုရှား ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ကင်းစင်အောင် လုပ်ဆောင်သွားမယ်လို့ ယူကရိန်းကို ကူညီနေကြတဲ့ နိုင်ငံပေါင်း ၂၀ ကျော်က ကတိပြုလိုက်ပါတယ်။
ရုရှား စစ်ပွဲ ယန္တယားအတွက် ရန်ပုံငွေ ရရှိနေတဲ့ လမ်းကြောင်းကို မိမိတို့ ဖြတ်တောက်မှာ ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက လန်ဒန်မြို့မှာ ဆန္ဒရှိသော နိုင်ငံများညွှန့်ပေါင်းအဖွဲ့ ဒါမှမဟုတ် ယူကရိန်းကို ကူညီပေးနေတဲ့ မဟာမိတ်နိုင်ငံများ အဖွဲ့ကို လက်ခံ တွေ့ဆုံပြီးနောက် ပြောလိုက်တာပါ။

ရုရှားရဲ့အကြီးဆုံး ရေနံကုမ္ပဏီ နှစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နဲ့ ဗြိတိန်တို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး အီးယူက မော်စကိုရဲ့ ဓာတ်ငွေ့အရည် တင်ပို့မှုတွေကို ပစ်မှတ်ထား အရေးယူထားပါတယ်။
လန်ဒန်ကို အစည်းအဝေးလာတက်တဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ရုရှားကို ဖိအားပေးတာဟာ စစ်ပွဲရပ်တန့်ရေး တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အဲဒီအစည်းအဝေးမှာ ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့ပေးမယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်မလာခဲ့ပါဘူး။

အမေရိကန်ထုတ် Tomahawks ဒုံးကျည်တွေနဲ့ ဥရောပ ဒုံးကျည်တွေသုံးပြီး အဓိက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နိုင်မယ်ဆိုရင် ရုရှား အထိနာနိုင်ကြောင်း ဇီလန်စကီးက ပြောဆိုနေတာ ကြာပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ဝါရှင်တန်မှာ ပြုလုပ်တဲ့ ဆွေးနွေးမှုအတွင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က Tomahawks ဒုံးကျည်တွေ ပေး၊ မပေး မဆုံးဖြတ်ခဲ့ပါဘူး။
ရုရှား နယ်နိမိတ်တွေထဲ အဲဒီလို တာဝေးပစ် လက်နက်တွေ သုံးပြီး တိုက်ခိုက်မယ်ဆိုရင် ကြီးကြီးမားမား တုံ့ပြန်သွားမှာ ဖြစ်ကြောင်း ပူတင်က အောက်တိုဘာ ၂၃ ရက်မှာ သတိပေးထားပါတယ်။
ပူတင်ဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အလေးအနက် မရှိလို့ မဟာမိတ်တွေက ယူကရိန်းကို ဆက်လက် ကူညီဖို့ ဆုံးဖြတ်လိုက်ကြောင်း လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ကီယာ စတာမာက ပြောဆိုထားပါတယ်။
ယူကရိန်း ကာကွယ်ရေးအတွက် သိမ်းဆည်းထားတဲ့ ရုရှားအစိုးရ ပိုင်ဆိုင်မှု ဘီလီယံပေါင်းများစွာကို ထုတ်ယူသုံးစွဲခွင့် ပေးသွားမယ်လို့ ဝန်ကြီးချုပ် စတာမာက ပြောပေမယ့် အသေးစိတ်ကို ထုတ်မပြောပါဘူး။
လာမယ့် နှစ်နှစ်အတွက် ယူကရိန်းရဲ့ ဘဏ္ဍာရေး လိုအပ်ချက်တွေကို ကူညီပေးဖို့ အီးယူ ခေါင်းဆောင်တွေက အောက်တိုဘာ ၂၃ ရက်မှာ သဘောတူညီခဲ့ကြပါတယ်။
ဒါပေမဲ့ ရုရှားဆီက သိမ်းယူထားတဲ့ ယူရို ၁၄၀ ဘီလီယံကို ယူကရိန်း ကာကွယ်ရေးအတွက် ထုတ်ယူ သုံးစွဲရေးနဲ့ ပတ်သက်လို့ သဘောတူညီခဲ့တာ မရှိပါဘူး။
ယူကရိန်း အရပ်ဖက်နဲ့ စွမ်းအင် အဆောက်အဦတွေကို ရုရှားက နေ့တိုင်းနီးနီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ယူကရိန်း လေကြောင်း ကာကွယ်ရေးစနစ်တွေကို အားကောင်းအောင် ကူညီဖို့ မဟာမိတ်တွေ ကတိပြုခဲ့ကြပါတယ်။
ရုရှားက ယူကရိန်းရဲ့ စွမ်းအင် အဆောက်အဦတွေကို တိုက်ခိုက်ပြီး ဆောင်းရာသီမှာ အပူပေးစက်တွေ သုံးလို့ မရအောင် လုပ်ပြီးတော့ မိမိတို့ကို စိတ်ဓာတ်ပျက်ပြားအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဗြိတိန်နဲ့ယူကရိန်းရဲ့ တခြား မဟာမိတ်တွေက စစ်ပွဲရပ်တန့်ရေး ရုရှားအပေါ် ဖိအားတိုး ပေးသွားမယ်လို့ ကတိပြုခဲ့ကြပေမယ့် စစ်ပွဲ ဟန်ချက်ပြောင်းပြီး ပူတင်ကို ဆွေးနွေးရေး စားပွဲဆီ ရောက်ရှိလာအောင် ဘယ်လို လုပ်ဆောင်မလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ ပြောဆိုသွားတာ မတွေ့ရပါဘူး။
ဆွေးနွေးညှိနှိုင်းမှုများ စတင်နိုင်ရေး လက်ရှိ အနေအထားအတိုင်း အပစ်အခတ် ရပ်စဲကြဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် အဆိုပြုထားတာကို ယူကရိန်းနဲ့ ဥရောပ မဟာမိတ်တွေက ထောက်ခံထားပါတယ်။
ဒါပေမဲ့ ပူတင်က ပယ်ချထားပြီး ယူကရိန်း နယ်မြေတွေကို လက်လွှတ်ပေးရမယ်လို့ တောင်းဆိုထားပါတယ်။
Ref:BBC

