ရေဖြူ၊ စက်တင်ဘာ ၁၄
တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်း နေအိမ်မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံတစ်ထောင်နီးပါး အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့က အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် ရေဖြူမြို့နယ် တောင်ရင်းအင်းနဲ့ဆယ်အိမ်စုကျေးရွာတို့မှာ တော်လှန်ရေးတပ်ဖွဲ့တို့အ ကြား သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဟာ တောင်ရင်းအင်းကျေးရွာက နေအိမ်အလုံး ၃၀ ကျော်နဲ့ ဆယ်အိမ်စုကျေးရွာက ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၇ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၀ ထက်မနည်း ဖောက်ထွင်းသွားပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကြောင့် ဆယ်အိမ်စု၊တောင်ရင်းအင်းနဲ့ ဖားချောင်းကျေးရွာက ဒေသခံ တစ်ထောင်နီးပါး စစ်ရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်ရဲသေးပါဘူး။
စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ရတာ အချိန် နှစ်ပတ်ကျော်လာတဲ့အတွက် အရေးပေါ် ဆန်အပါအဝင် စားသောက်ကုန်၊ အမိုးအကာတွေနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေါန တပ်ခွဲ ၆ တာဝန်ခံ ကိုပျံလွှားက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ရေဖြူမြို့နယ် ကလိန်အောင်ဒေသမှာလည်း စစ်ကော်မရှင်စစ် ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေလို့ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်ကြရသေးဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

