မော်လမြိုင် ၊ စက်တင်ဘာ ၂

မွန်ပြည်တော်လှန်ရေးတပ် MSRF အနေနဲ့ တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စစ် ဆင်ရေး အရှိန်မြှင့် ဖော်ဆောင်လျက်ရှိတယ်လို့ စက်တင်ဘာ ၁ ရက်နေ့က ထုတ်ပြန်တဲ့ MSRF တပ်ရဲ့ စစ်ဆင်ရေး သုံးနှစ်ပြည့် အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်အနေနဲ့ စစ်ဆင်ရေး သုံးနှစ်တာကာလအတွင်း မွန်ပြည်နယ်အတွင်းက မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းအပြင် တနင်္သာရီတိုင်းထဲက ရေဖြူ၊ ကလိန်အောင်နဲ့ သရက်ချောင်းမြို့နယ်အထိ တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ပြီး စစ်ဆင်ရေးအရှိန်မြှင့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ် သြဂုတ်လအထိ MSRF တပ်အနေနဲ့ တိုက်ပွဲပေါင်း ၆၉ ကြိမ်ထက်မနည်း ဖော်ဆောင်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆၉ ဦး ချေမှုန်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးကာလ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကနေ လက်ရှိ ၂၀၂၅ ခုနှစ် သြဂုတ်လအထိ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးရဲ့ သံဖြူဇရပ်-ရေး-ထားဝယ် လမ်းပိုင်းနေရာတွေကို မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့ အတူ ပူးပေါင်းထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

MSRF တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို ခံယူပြီး ကောင်စီရဲ့ ကာကွယ်ရေးဌာနအောက်ရှိ မွန်ပြည်အတွင်း စစ်ဒေသတွေ ဖြန့်ကျက်ကာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမို ပြုလုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF အမှတ်(၁) စစ်ဆင်ရေးနယ်မြေ နည်းဗျူဟာ (၃၃) နဲ့လည်း မဟာမိတ်တပ်ကနေ တဆင့်တိုးကာ အချင်းချင်း အသက်ပေး ကာကွယ်မယ့် “ညီနောင်တပ်ဖွဲ့”အဖြစ် ပြီးခဲ့တဲ့ ဩဂုတ်၂၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်လို့ အသိပေးထားပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ် ၇ ရက်နေ့မှာ ဗိုလ်မှူးထူး လက်ရှိ တပ်ရင်းမှူး နိုင်ဒရာဂွန် ဦးဆောင်ပြီး လူ ၇ ဦး၊ လက်နက် ၃ လက်နဲ့ ရေးမြို့နယ် တောင်ပိုင်းဒေသမှာ စတင်ဖွဲ့စည်း ခဲ့တာဖြစ်ပြီး လက်ရှိ အင်အား အများအပြား ရှိလာသလို စစ်ကော်မရှင်ကိုလည်း ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း ပေါက်ဖွားလာတဲ့ နွေဦးတော်လှန်ရေးနဲ့ အတူ မွန်လူမျိုးနဲ့ မွန်ပြည်ကို အခြေပြုကာ ဖြစ်တည်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖြစ်ပြီး အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကော်မရှင်ကို ပထမဦးဆုံး သေနတ်ဖောက်တဲ့ မွန်လူမျိုး အခြေပြုတော်လှန်ရေးတပ် ဖြစ်တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.