ရေး၊ ဩဂုတ် ၂၉
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် အမှတ် ၅၉၁ ခြေမြန်တပ်ရင်းက တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ YGF က သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်လာသူဟာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၉ ဆင်း တပ်သား စအောင်ဖြိုးသန့် ဖြစ်ပြီး မနေ့ ဩဂုတ် ၂၈ ရက်နေ့မှာ MA4 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ဘောက်နဲ့ကျည် ၂၅ တောင့်နဲ့အတူ အလင်းဝင်လာတာပါ။
တပ်သား စအောင်ဖြိုးသန့်ဟာ ဧရာဝတီတိုင်း ဇာတိဖြစ်ပြီး ရန်ကုန်မှာ အလုပ်လုပ်နေစဉ် အောင်မင်္ဂလာကားဝင်းအတွင်း ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာပါ။
အဲဒီနောက် ကွင်းကောက်စစ်သင်တန်းကျောင်းမှာ စစ်သင်တန်းတက်ရောက်ပြီးနောက် ခမရ ၅၉၁ ကို ပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။
လက်နက်နဲ့အတူ အလင်းဝင်လာတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့မူဝါဒအတိုင်း ဆုငွေချီးမြှင့်သွားမှာဖြစ်ပြီး သူရဲ့နေထိုင်စားသောက်ရေးအတွက်လည်း စီစဉ်ပေးထားတယ်လို့ YGF တာဝန်ခံ ဗိုလ်ကျန်ရစ်က ဆိုပါတယ်။
စစ်ကော်မရှင်တပ်သားတွေအနေနဲ့လည်း နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းတွေကို ရရာနည်းနဲ့ အမြန်ဆုံးချိတ် ဆက်ပြီး ပြည်သူဘက်သို့ အလင်းဝင်ရောက်ကြဖို့ YGF တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YGF

