ကျိုက်ထို၊ ဩဂုတ် ၂၉

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဒေသတွေကို စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲမတိုင်မီ နယ်မြေစိုးမိုးရေး ကြိုးပမ်းလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ဒုတိယအပတ်ကစလို့ ကျိုက်ထိုမြို့နယ်အတွင်းက ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၊ ကျိုက်ထို-ကင်မွန်းစခန်းလမ်းပိုင်း၊ မုပ္ပလင်-သိမ်ဇရပ်လမ်းပိုင်းတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်ပြုလုပ်လာတာပါ။

စစ်ကော်မရှင်တပ်ဟာ အဲဒီလမ်းပိုင်းတွေမှာ တပ်အင်အားတွေ ထပ်မံဖြည့်တင်းတာ၊ ကင်းပုန်းအများအပြား တိုးမြှင့်တာ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတချို့ကို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် သြဂုတ် ၂၇ ရက်နေ့က ကျိုက်ထိုမြို့နယ် စစ်ကွင်းကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အချိန် မိနစ် ၂၀ နီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ စစ်ဆေးရေးဂိတ်တွေနဲ့ တပ်ရင်းဌာနချုပ်တွေမှာ ခိုင်မာတဲ့ ဘန်ကာတွေနဲ့ ကတုတ်ကျင်းတွေ ထပ်မံတည်ဆောက်ထားတာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသ နည်းဗျူဟာ ၂၇ တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုဟာ ရွေးကောက်ပွဲအောင်မြင်ဖို့ လုံခြုံရေးတင်းကျပ်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တွင်း ဝင်ရောက်လာနိုင်တဲ့ ကျေးရွာတွေဖြစ်တဲ့ သစ်ဆိပ်ပင်၊ အင်္ဂဘို၊ ကျွန်းတော၊ မရမ်းချောင်း၊ ဝင်းကလော၊ တောင်ကလေးကျေးရွာအပါအဝင် ကားလမ်းဘေးကျေးရွာတွေမှာ စစ်အင်အားတွေ ထပ်တိုးထားတာ ဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ်ဟာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၁) မှာ ပါဝင်တဲ့ မြို့နယ်တစ်ခုဖြစ်ပြီး အဲဒီထဲက ကျေးရွာအများစုကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်နဲ့ PDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.