မော်လမြိုင်၊ ဩဂုတ် ၂၇
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃) နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ဟာ ညီနောင်တပ်ဖွဲ့အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်တယ်လို့ နှစ်ဖက်တပ်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တပ်ဖွဲ့နှစ်ဖွဲ့ဟာ ညီရင်းအကိုပမာ ရှေ့ဆက်ပြီး အာဏာရှင်တော်လှန်ရေး လုပ်ငန်းတွေကို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ညီနောင်တပ်ဖွဲ့အဖြစ် ပူးပေါင်းဖွဲ့စည်းရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“၂၀၂၃ လောက်ကတည်းက MSRF နဲ့ ကျွန်တော်တို့ဟာ မဟာမိတ်အဖြစ်ပူးပေါင်းပြီး အလုပ်လုပ်ခဲ့ကြတယ်။ အောင်မြင်မှုတွေ အများကြီးရခဲ့တယ်။ အခုက မဟာမိတ်ဆိုတာထက် ပိုမိုခိုင်မာတဲ့ ညီရင်းအကိုပမာ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းသွားကြမှာပါ”လို့ နည်းဗျူဟာ (၃၃)တာဝန်ခံ စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်အုပ်စုရဲ့ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် စကခ (၁၉)ကို ဒရုန်းစစ်ဆင်ရေးအဖြစ် ဖော်ဆောင်တိုက်ခိုက်ခဲ့တာကစလို့ MSRF နဲ့ နည်းဗျူဟာ ၃၃ ဒေါနတပ်ရင်းတို့ဟာ မဟာမိတ်တွေအဖြစ် ပူးပေါင်းခဲ့ကြတာပါ။

မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ချိန်ကစတင်ပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်ရေးဖော်ဆောင်မှုအကြိမ် ၄၀ နီးပါးနဲ့ ရန်သူ စစ်တပ်စခန်းသိမ်းတိုက်ပွဲပေါင်း ၆ ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သူတို့တပ်ဖွဲ့နှစ်ဖွဲ့ဟာ ညီနောင်တပ်ဖွဲ့အဖြစ် အနာဂတ် တော်လှန်ရေးခရီးတလျှောက်မှာ တူညီတဲ့ ရည်မှန်းချက်နဲ့ စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး ရင်ဆိုင်ကြုံတွေ့လာမယ့် ဘယ်အခြေအနေမှာမဆို အချင်းချင်း အသက်ပေး ကာကွယ်သွားကြမယ်လို့ ကတိပြုထားကြတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF

