နေပြည်တော် ၊ ဩဂုတ် ၂၈
အထွေထွေရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစက်ကို သုံးပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒမဲတစ်မဲဟာ ကိုယ်စားလှယ်ကိုသာမက ပါတီကိုပါမဲပေးတဲ့ပုံစံနဲ့ ဆောင်ရွက်သွားမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် UEC က ပြောပါတယ်။
ဩဂုတ် ၂၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ နိုင်ငံရေးပါတီ ၆၁ ပါတီက ဥက္ကဌတွေ ခေါင်းဆောင်တွေ တာဝန်ရှိသူတွေ တွေ့ဆုံပွဲအခမ်းအနားမှာ ကော်မ ရှင် ဥက္ကဌ ဦးသန်းစိုးက ပြောကြားခဲ့တာပါ။
စစ်ကော်မရှင်ကနေ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကလွဲရင် အမျိုး သားလွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေမှာ နိုင်သူအကုန်ယူစနစ် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ် PR တို့ကို ပေါင်းစပ်ကျင့်သုံးဖို့ ကြေညာထားတာပါ။
ဒါကြောင့် စနစ်နှစ်ခုပေါင်းစပ်ထားတဲ့ လွှတ်တော်တွေမှာ နိုင်သူအကုန်ယူ FPTP မဲဆန္ဒနယ်အတွက် မိမိပါတီက ကိုယ်စားလှယ်လောင်းတစ်ဦး ဆန္ဒမဲတစ်မဲရရင် အဲဒီမဲဟာ ပါတီအတွက် အချိုးကျရရှိမယ့် PR စနစ်မှာ ပြန်လည်တွက်ချက်တာ ဖြစ်ပါတယ်။
တကယ်လို့ နိုင်သူအကုန်ယူ FPTP စနစ်အတွက် မဲဆန္ဒနယ်မြေအလိုက် ရွေးကောက်ခံ ကိုယ်စား လှယ်လောင်း မတင်သွင်းထားရင် အချိုးကျကိုယ်စားပြု PR စနစ်မှာ ထည့်မတွက်ပေးဘူးလို့ မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်က ရှင်းပြပါတယ်။
ဒါကြောင့် စနစ်နှစ်ခုလုံးမှာ ဆန္ဒမဲရရှိဖို့ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေမှာ နိုင်သူအကုန်ယူစနစ် FPTP အတွက် ဝင်ပြိုင်မယ့် ကိုယ်စားလှယ်အရေအတွက်အတိုင်း PR စနစ်မှာလည်း အလားတူ ဝင်ပြိုင်ရမယ့် သဘောပါ။
မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက စနစ်နှစ်ခုလုံးအတွက် ပြည်နယ်လွှတ်တော်မှာ ရှိတဲ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ပြိုင်မယ်ဆိုရင် ကိုယ်စားလှယ်လောင်းရရှိရေးနဲ့ ပါတီရန်ပုံငွေအတွက် အခက်အခဲရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ FPTP မှာ အကုန်လုံးဝင်ရမယ်။ PR မှာလည်း မဲဆန္ဒနယ်တစ်ခုလုံးဝင်ရမယ်ဆိုတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းက (မွန်ပြည်နယ်လွှတ်တော်အတွက်) အယောက် ၂၀ တောင် ဖြစ်သွားမယ်။ အဲဒါက ကုန်ကျစရိတ်တို့ ဘာတို့ တော်တော်ကြီးတာပေါ့။ အဲဒါကို ကျွန် တော်တို့လည်း ရန်ပုံငွေအရ တကယ်လို့ ကော်မရှင်က အဲဒီလို ခွင့်ပြုမယ်ဆိုလို့ရှိရင် လျှော့သင့်သလောက်လျှော့ပြီးတော့ FPTP မှာ ဝင်မပြိုင်နိုင်တဲ့ ကိုယ်စားလှယ်လောင်း မထည့်နိုင်တဲ့ နေရာကို PR အတွက် ပါတီမဲဖြစ်နေလို့ ပါတီစည်းရုံးရေးသဘောနဲ့ပဲ ကျွန်တော်တို့ မဲဆွယ်စည်းရုံးရတော့မှာပေါ့” လို့ ဆိုပါတယ်။
လောလောဆယ်မှာ ပါတီအနေနဲ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ပြိုင်ဖို့ ရှိ မရှိ ၊ ဝင်ပြိုင်ရင် ရန်ပုံငွေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ဘယ်သူတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံမှာလဲဆိုတာကို အစည်းအဝေးခေါ်ပြီးမှသာ ဆုံးဖြတ်ရမယ်လို့ သူက ဆက်ပြောပါတယ်။
ကော်မရှင်ဥက္ကဌကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ PR မဲဆန္ဒနယ်တွေအတွက် ကိုယ်စားလှယ်လောင်းတွေကို ဦးစားပေးအစီအစဉ်နဲ့ ကော်မရှင်ကို တင်သွင်းပေးရမှာဖြစ်ပြီး မဲဆွယ်စည်းရုံးရေးအနေနဲ့ FPTP ကိုယ်စားလှယ်လောင်းတွေနည်းတူ PR ကိုယ်စားလှယ်လောင်းတွေလည်း ဆောင် ရွက်နိုင်မယ်လို့ ပြောပါတယ်။
ဆန္ဒမဲတစ်မဲကို ကိုယ်စားလှယ်လောင်းအပြင် ပါတီကိုပါ ပေးတဲ့ ပုံစံဟာ ပါတီကြီးတွေအတွက် အားသာချက်ဖြစ်နေပေမယ့် ပါတီငယ်တွေအတွက် အကြွင်းကျန်လောက်သာ ရရှိတော့မယ့် သဘောလို့ မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်က မှတ်ချက်ပြုပါတယ်။
“ကျွန်တော်တို့ အမြင်ကျတော့ ပါတီကြီးတွေက နိုင်သူအကုန်ယူမှာလည်း သူနိုင်သွားသလို PR မှာလည်း ပြန်နိုင်သွားတဲ့ သဘောဖြစ်နေတာပေါ့။နောက်ပါတီငယ်တွေကျတော့ အကြွင်းကျန်လေးတွေပဲ ရမယ့်သဘောပဲဖြစ်သွားတာပေါ့”လို့ ဆိုပါတယ်။
UEC ကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတဲ့ခါမှာ ဥပဒေနဲ့အညီ သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်အရေအတွက်၊ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီဖို့ လိုတယ်လို့ ပြောထားတာပါ။
ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းတဲ့အခါမှာလည်း ပညာအရည်အချင်း သတ်မှတ်ချက်ဖြစ်တဲ့ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်သူတွေ ဖြစ်ရမယ့်အချက်ကို သတိမူကြဖို့ ကော်မရှင် ဥက္ကဌ ဦးသန်းစိုးက ပါတီတွေကို တိုက်တွန်းပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့် နိုင်ငံရေးပါတီ ကိုးပါတီနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် ပါတီ ၅၂ ပါတီရှိနေပြီး ဥပဒေနဲ့အညီ လျှောက်ထားတဲ့ နိုင်ငံရေးပါတီအားလုံး စိစစ်ခွင့်ပြုပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အပိုင်း ၁ အဖြစ် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကိုတော့ နိုင်ငံတဝန်းရှိ မဲဆန္ဒနယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားဖို့ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

