နေပြည်တော် ၊ ဩဂုတ် ၁၃

ရွေးကောက်ပွဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီဝင်တွေ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးတဲ့ ကာလကနေ မဲပေးကာလအထိ လုံခြုံစွာ လုပ်ကိုင်နိုင်ရေး လိုအပ်တဲ့ ကာကွယ်ပေးမှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ စစ်ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

စစ်ကောင်စီကနေ အသွင်ပြောင်းဖွဲ့စည်းခဲ့တဲ့ စစ်ကော်မရှင်လို့ ခေါ်တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးကို ဩဂုတ် ၁၂ နေ့မှာ ပြုလုပ်ခဲ့ရာ သူက အဲဒီအစည်းအဝေးအတွင်း ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲကျင်းပချိန်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ စီစဉ်‌ပေးရမှာဖြစ်သလို ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးချိန်တွေမှာ သူတို့ရဲ့ လုံခြုံရေးအတွက် စစ်ကော်မရှင်အနေနဲ့ စီစဉ်ပေးရမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပါတီရုံးဖွင့်ခွင့် ရရှိရေးနဲ့ ပါတီဝင်ခွင့်ရှိသူတွေ ပါတီဝင်ခွင့်ရရေးကိုလည်း လုပ်ဆောင်ပေးဖို့ လိုအပ်သလို သတ်မှတ်အချိန်ကာလအတွင်း သက်ဆိုင်ရာမြို့နယ်တွေအလိုက် ဆန္ဒမဲပေးနိုင်ရေး လုံခြုံရေးအရ အာမခံချက်ရှိအောင် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အဓိက လုပ်ဆောင်သွားရမှာဖြစ်ပြီး မလိုလားသူတွေနဲ့ အဖွဲ့အစည်းတွေက ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေး အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ ထိုးနှက်မှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အလားတူ ပြည်ပနိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြုလုပ်မယ့်အပေါ် ထောက်ခံအားပေးတဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံတွေ ရှိသလို စောဒကတက်တဲ့ နိုင်ငံတွေလည်း ရှိနိုင်မယ်လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ မသမာမှုကင်းရှင်းတဲ့ ရွေးကောက်ပွဲဖြစ်စေရေး လုပ်ဆောင်သွားရမှာဖြစ်ပြီး ဒီအတွက် အီလက်ထရောနစ်မဲပေးစက်တွေနဲ့ ဆောင်ရွက်တာဖြစ်လို့ ဘယ်လိုမသမာမှုမျိုးကိုမှ ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ ကြွေးကြော်ထားတာပါ။

စစ်ကော်မရှင်ဟာ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အေးချမ်းသာယာရေးအပြင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ လမ်းညွှန်မှုတွေပြုလုပ်နိုင်ဖို့နဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ ဇူလိုင် ၃၁ ရက်နေ့မှာ ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.