ရခိုင်၊ ဩဂုတ် ၁၃
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ပိတ်ဆို့တားဆီးမှုနဲ့ ရန်ပုံငွေဖြတ်တောက်မှုတွေကြောင့် ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုနှုန်း မြင့်တက်လာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က သတိပေးထုတ်ပြန်ပါတယ်။
အခြေခံစားနပ်ရိက္ခာကိုပင် ပြည့်ဝအောင် မစားသုံးနိုင်တဲ့ မိသားစုအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ၃၃ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ လက်ရှိမှာ ၅၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စားနပ်ရိက္ခာဖူလုံမှု အခြေအနေဟာ အလွန်စိုးရိမ်စရာ ကောင်းတဲ့ အတိုင်းအတာအထိ ရောက်ရှိနေပြီးဖြစ်သလို ပဋိပက္ခတွေနဲ့ သွားလာခွင့်ကန့်သတ်မှုတွေကြောင့် ဒီထက်မက အခြေအနေများ ပိုမိုဆိုးရွားနေမယ်လို့ WFP က ခန့်မှန်းထားပါတယ်။
“ဝမ်းဆာလို့ ငိုကြွေးနေတဲ့ကလေးတွေ စားစရာမရှိလို့ မစားလိုက်ရတဲ့ မိခင်တွေရဲ့အကြောင်းလို ကြေကွဲစရာ ဇာတ်လမ်းတွေကို ကျွန်တော်တို့ နေ့တိုင်းကြားနေရတယ်။ မိသားစုတွေက သူတို့တတ်နိုင်သမျှ ကြိုးစားရုန်းကန်နေကြပေမဲ့ ဒီလိုအခြေအနေမှာ သူတို့ရုန်းကန်အားတစ်ခုတည်းနဲ့ ရှင်သန်ဖို့ ခက်ခဲပါတယ်” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Michael Dunford က ပြောပါတယ်။
၂၀၂၅ ခုနှစ် ဧပြီလတုန်းက ရန်ပုံငွေပြတ်လပ်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ တစ်သန်းကျော်ကို အထောက်အပံ့တွေ ရပ်ဆိုင်းခဲ့ရတယ်လို့ WFP က အသိပေးထားပါတယ်။
ဒါ့ကြောင့် အဆိုးရွားဆုံးဖြစ်နေတဲ့ ဒေသတွေမှာ ကူညီထောက်ပံ့မှုတွေ ပြန်လည်ပေးအပ်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများတိုးမြှင့်ပေးကြဖို့ လိုအပ်တယ်လို့ WFP က တောင်းဆိုပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကတော့ လာမယ့် ခြောက်လအတွင်း ရခိုင်ပြည်နယ်ရှိ လူဦးရေပေါင်း သုံးသိန်းနီးပါးကို ကူညီဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ အရေးပေါ် လိုအပ်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

