ဝါရှင်တန်၊ သြဂုတ် ၈

ဗင်နီဇွဲလားသမ္မတ နီကိုလာ့စ် မာဒူရိုဟာ မူးယစ်ဆေးဝါး အများဆုံး ရောင်းဝယ်သူတွေထဲက တစ်ယောက် ဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲပြီး သူ့ကို ဖမ်းဆီးနိုင်မယ့် သတင်းအချက်အလက် ပေးနိုင်သူကို ကန်ဒေါ်လာ သန်း ၅၀ ဆုချမယ်လို့ ကြေညာလိုက်ပါတယ်။

လိမ်လည်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဇန်နဝါရီလမှာ အာဏာ ပြန်ရခဲ့တဲ့ သမ္မတ မာဒူရိုကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် ဝေဖန်နေတာ ကြာပြီဖြစ်ပါတယ်။

အဲဒီ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် ပယ်ချခဲ့ကြတာပါ။

နဂိုထုတ်ပြန်ထားတဲ့ ဆုတော်ငွေ ဒေါ်လာ ၂၅ သန်းကို နှစ်ဆတိုးပေးမှာ ဖြစ်ကြောင်း၊ မာဒူရိုဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ အစိုးရရှေ့နေချုပ် ပမ် ဘွန်ဒီက ပြောပါတယ်။

ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး ဝိုင်ဗန် ဂီလ်က ဆုတော်ငွေ ထပ်တိုးလိုက်တာဟာ သနားစရာ ကောင်းပြီး နိုင်ငံရေးအရ ဝါဒဖြန့်မှု ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရရှေ့နေချုပ် ဘွန်ဒီဟာ လိင်မှုကိစ္စ ဥပဒေချိုးဖောက်သူ ဂျက်ဖရီ အက်ပ်စတိန်းရဲ့ အမှုကို ကိုင်တွယ်နေရတာကြောင့် တန်ပြန်ရိုက်ခတ်မှုတွေအနေနဲ့ သတင်းခေါင်းကြီးပိုင်းတွေမှာ ပါနေချိန် အာရုံလွှဲဖို့ အတွက် အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ထရန့်ရဲ့ ပထမ သမ္မတသက်တမ်းအတွင်းမှာ အမေရိကန်အစိုးရက မာဒူရိုနဲ့ တခြား ရာထူးမြင့် ဗင်နီဇွဲလားအရာရှိတွေကို မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှုတို့ အပါအဝင် စွဲချက်တွေ အများကြီးနဲ့ စွဲချက်တင်ခဲ့ပါတယ်။

မာဒူရိုဟာ ကိုလမ်ဘီယာ တော်လှန်ရေးအဖွဲ့ ဖာ့စ်နဲ့ပေါင်းကာ ကိုကင်းတွေကို လက်နက်အနေနဲ့ အသုံးချပြီးတော့ အမေရိကန်နိုင်ငံမှာ ပျံ့နှံ့အောင် လုပ်ဆောင်ခဲ့တယ်လို့ အဲဒီအချိန်က အမေရိကန် တရားရေးဌာနက ပြောဆိုခဲ့ပါတယ်။

မာဒူရိုဟာ ဗင်နီဇွဲလား ရာဇဝတ်ဂိုဏ်းတွေ၊ မက္ကစီကို မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ပေါင်းပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေမှာ တိုက်ရိုက်ပါဝင်နေတယ်လို့ ဘွန်ဒီက ပြောပါတယ်။

မာဒူရို၊ သူ့ရဲ့ အပေါင်းအပါတွေနဲ့ ဆက်စပ်တဲ့ ကိုကင်း တန်ချိန်ပေါင်းများစွာကို မူးယစ်ဆေးဝါးနှိမ်နှင်းရေး ဌာနက ဖမ်းဆီးရမိခဲ့တယ်လို့ ဘွန်ဒီက ဆိုတာပါ။

မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ တိုက်ရိုက် ပါဝင်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုမှုတွေကို သမ္မတ မာဒူရိုက အရင်က ပယ်ချခဲ့ဖူးပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.