ကသာ၊ ဩဂုတ် ၂

နိုင်ငံတဝန်းမှာ တစ်ပတ်အတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ကလေးသုံးဦး အပါ အဝင် အရပ်သားပြည်သူ ၃၀ နီးပါးသေဆုံးခဲ့ပြီး ၆၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းမြောက်၊ ကချင်နဲ့ မကွေးတိုင်း အပါအဝင် ဒေသ ၁၀ ခုမှာ မြန်မာစစ်တပ်က လေကြောင်းကနေ ၃၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၂၇ ဦးသေဆုံးခဲ့ပြီး ၆၀ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဆေးရုံဆေးခန်းနှစ်ခုနဲ့ ဘာသာရေးအဆောက်အအုံ ၄ ခု ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။

ဇူလိုင် ၃၀ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုက်မြို့နယ်ကို မြန်မာစစ်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသား ၅ ဦးနဲ့ အမျိုးတစ်ဦး သေဆုံးသေဆုံးခဲ့ပြီး အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အပြင် ထိတွေ့တိုက်ပွဲတွေမှာလည်း လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ် ၉ ခုရှိခဲ့ပြီး တရုတ်နိုင်ငံထုတ် Y12 အမျိုးအစား ထောက်ပို့လေယာဉ်တွေ၊ ရဟတ်ယာဉ်နဲ့ ဂျက်ဖိုက်တာတို့ကို အဓိကအသုံးပြု တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အနည်းဆုံး ၂၉၀ ဦး သေဆုံးခဲ့ပြီး ၅၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.