တီဟီရန်၊ ဇူလိုင် ၂၄
အစ္စရေးက တိုက်ခိုက်လာနိုင်တဲ့ စစ်ပွဲမှန်သမျှအတွက် မိမိတို့ ကြိုတင်ပြင်ဆင်ထားပြီး နျုကလီးယား စီမံကိန်းကိုလည်း ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ အီရန်သမ္မတ မာဆောက် ပီဇက်ခီယန်က ပြောကြားလိုက်ပါတယ်။
Al Jazeera သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သမ္မတ ပီဇက်ခီယန်က နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲလို့လည်း အဆင်ပြေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အီရန်ကို အစ္စရေးက ပြီးခဲ့တဲ့လမှာ တိုက်ခိုက်ခဲ့ပြီး အမေရိကန်ကလည်း အစ္စရေးဖက်က ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက် အမေရိကန်ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ခဲ့ပြီး အီရန် နျူကလီးယား စက်ရုံတွေကို ရှင်းလင်းနိုင်ခဲ့တယ်လို့ သမ္မတ ထရန့်က ပြောဆိုထားပါတယ်။
အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ အဖြေရှာနိုင်ရေး အနောက်နိုင်ငံတွေက ကြိုးပမ်းနေချိန်မှာ မိမိတို့ကို နောက်ထပ် မတိုက်ခိုက်ပါဘူးဆိုတဲ့ အာမခံချက် မပေးရင် အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ပြန်စမှာ မဟုတ်ဘူးလို့ တီဟီရန်က ပြောထားပါတယ်။

မိမိတို့ စစ်တပ်ဟာ အစ္စရေးရဲ့ နောက်ထပ် စစ်ရေးလှုပ်ရှားမှု မှန်သမျှကို တုံ့ပြန်ဖို့ အသင့်ပြင်ထားပြီး အစ္စရေး အတွင်းပိုင်းအထိ မိမိတို့ တိုက်ခိုက်နိုင်တယ်လို့ သမ္မတ ပီဇက်ခီယန်က ပြောတာပါ။
မိမိတို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ ထိခိုက်မှုတွေ ရှိခဲ့ပေမယ့် ဖုံးဖိကာကွယ်ထားတယ်လို့ သမ္မတက ပြောပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ထိပ်တန်းအရာရှိတွေနဲ့ နျူကလီးယား ပညာရှင်တွေ သေဆုံးခဲ့ပြီး အီရန် အမွေကို တိုက်ခိုက်ရှင်းလင်းဖို့ အစ္စရေးရဲ့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘူးလို့ သမ္မတ ပီဇက်ခီယန်က ဆိုပါတယ်။
ဇွန် ၂၄ ရက် အပစ်မရပ်ခင် တိုက်ခိုက်မှုတွေကြောင့် အီရန်မှာ လူ ၉၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေးမှာ အနည်းဆုံး ၂၈ ဦး သေဆုံးခဲ့ရပါတယ်။
နိုင်ငံတကာက ကန့်ကွက်နေပေမယ့် ယူရေနီယံ သန့်စင်မှု ဆက်လက် လုပ်ဆောင်သွားမယ်လို့ သမ္မတ ပီဇက်ခီယန်က ပြောပြီး နျူကလီးယား စွမ်းပကားကို နိုင်ငံတကာ ဥပဒေဘောင်ထဲက တည်ဆောက်ယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အနာဂတ် ဆွေးနွေးမှု မှန်သမျှဟာ နှစ်ဖက် အကျိုးရှိမယ့် ဆွေးနွေးမှုတွေ ဖြစ်ရမှာ ဖြစ်ပြီး အီရန်အနေနဲ့ ရာဇသံပေးမှု ခြိမ်းခြောက်မှုတွေကို လက်ခံမှာ မဟုတ်ဘူးလို့ သမ္မတက ဖြည့်စွက် ပြောကြားထားပါတယ်။
Ref:Al Jazeera

