ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်တပ်ဘက်က နေ့ရောညပါ လက်နက်ကြီးပစ်ခတ်‌နေ

ကျိုက်မရော၊ ဇူလိုင် ၁၆

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ဝှမ်း‌ဒေသရှိ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က နေ့ရောညပါ လက်နက်ကြီးပစ်ခတ်မှုတွေ ထပ်မံပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဇာသပြင်အခြေစိုက် အမှတ် ၈၁ ခြေလျင်တပ်ရင်း၊ အမှတ် ၂၀၈ ခြေမြန်တပ်ရင်းအပါအဝင် အထိုင်တပ်စခန်းတွေကနေ ပြီးခဲ့တဲ့ ဇွန်လအလယ်လောက်ကစလို့ ဂျိုင်းမြစ်ဝှမ်းဒေသက ကျေးရွာ‌တွေကို နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ အများစု စိုး ရိမ်ကြောက်လန့်နေရပြီး ဒေသခံပြည်သူတချို့က နေရပ်စွန့်ခွာ တိမ်းရှောင်တာတွေ ရှိလာခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ လက်နက်ကြီး ပစ်ခတ်မှုဟာ စစ်ကောင်စီတပ်က သူတို့တပ်ရင်းတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ လာမတိုက်နိုင်အောင် ကြိုတင်ကာကွယ်တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ကော့ပလိုင်၊ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့ဘိန်ကျေးရွာနဲ့ ကျေးရွာအနီး လယ်ကွင်းတွေထဲ ကျရောက်ပေါက်ကွဲတာတွေ ရှိနေပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် နေအိမ်တွေနဲ့ဆိုင်ခန်းတွေ၊ လယ်စောင့်တဲတွေ ပျက်စီးတာမျိုးရှိနေတယ်လို့ ဆိုပါတယ်။

စစ်‌ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်နေတာ‌ကြောင့် ဒေသခံပြည်သူတွေဟာ ဥယျာဉ်ခြံနဲ့ လယ်ယာလုပ်ငန်းခွင်ကို စိတ်ချလက်ချမသွားနိုင်ဘဲ အခြေအနေကြည့်လုပ်ကိုင်သွားလာနေရသလို ဒေသခံတချို့ကတော့ မော်လမြိုင်၊ ကျိုက်မရောမြို့ပေါ်တွေကို ပြောင်းရွှေ့နေထိုင်သူတွေလည်းရှိနေပါတယ်။

ကျိုက်မရောမြို့နယ်ရှိ ဂျိုင်းမြစ်တစ်လျှောက် ကျေးရွာတွေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတတ်ပြီး နှစ်ဖက်အပြန်အလှန် လက် နက်ကြီးပစ်တာ၊ ဒရုန်းဗုံးချတာအပြင် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၄ ရက်နေ့မှာ ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်‌ရေးပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဲဒီဒေသတဝိုက်မှာ စစ်ရေးတင်းမာပြီးတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဂျိုင်းမြစ်ဝှမ်းဒေသ ဓမ္မသကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံနေအိမ် ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံ ၂၀၀၀၀ နီးပါးထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.